ရန်ကုန်တိုင်း၊ မြောက်ဥက္ကလာပမြို့နယ်မှာရှိတဲ့ လေတပ် လေယာဉ်မှူး ဒုတိယဗိုလ်မှူးကြီး ကျော်ကျော်ထွန်းနေအိမ်မှာ အောက်တိုဘာ ၁၁ ရက် မနေ့ညပိုင်းက ဗုံးပေါက်ကွဲခဲ့ပါတယ်။
မြောက်ဥက္ကလာပ၊ (စ)ရပ်ကွက် ၊ သန္တာ(၅)လမ်း၊ အမှတ် (၄၂၉) နေအိမ်မှာပေါက်ကွဲမှု ဖြစ်ပွားခဲ့တာဖြစ်ပြီး ပေါက်ကွဲမှုဖြစ်တဲ့အချိန်မှာ ဒုဗိုလ်မှူးကြီး ကျော်ကျော်ထွန်းကတော့ နေအိမ်မှာရှိမနေဘူးလို့ ရပ်ကွက်နေပြည်သူတွေက ပြောပါတယ်။
ဒီဖြစ်စဉ်ကို သိရှိတဲ့ ဒေသခံတစ်ယောက်က “ည ၈ နာရီကျော်လောက်မှာ ပေါက်တဲ့အသံက အကျယ်ကြီးပဲ။နောက်မှသိရတာက အဲ့လမ်းထဲမှာ လေတပ်က အရာရှိတစ်ယောက်ရှိတယ်ဆိုတာပါ။ သူ့အိမ်မှာပေါက်တာပါ။ လူထိမထိကတော့ မသိသေးဘူး။ အိမ်ကတော့ ပျက်စီးတာရှိပါတယ်။” လို့ ပြောပါတယ်။
ဗုံးကွဲမှုအပြီး ပုံမှန်ဆိုရင် စစ်ကောင်စီတပ်က ပိတ်ဆို့စစ်ဆေးတာတွေပြုလုပ်ပေမယ့် မနေ့ညကတော့ အခင်းဖြစ်ရာနေရာကိုလည်း မရောက်ရှိလာသလို တခြားတစ်စုံတရာ ထူးခြားမှုလည်းမရှိဘူးလို့ သိရပါတယ်။ အဆိုပါဖောက်ခွဲတိုက်ခိုက်မှုကို ဘယ်အဖွဲ့က ပြုလုပ်တယ်ဆိုတာ ထုတ်ပြန်တာ မတွေ့ရသေးပါဘူး။
လတ်တလော ရန်ကုန်မှာ စစ်ကောင်စီတပ်အပြင် သူနဲ့ဆက်နွှယ်နေတဲ့ သတင်းပေး၊ ထောက်တိုင် စတဲ့ ပတ်သက်မှုရှိတဲ့သူတွေကို ရှင်းလင်းရေးလုပ်လာတာ ခပ်စိပ်စိပ်တွေ့မြင်လာရပါတယ်။
သူတို့ပိုင်ဆိုင်တဲ့ အဆောက်အဦတွေ၊ မော်တော်ယာဉ်တွေအစရှိတဲ့ အရာတွေကို ဖောက်ခွဲမှုလုပ်တာရှိသလို လူကိုပစ်မှတ်ထားပြီး ပစ်ခတ်တိုက်ခိုက်မှုလုပ်တာတွေလည်း ရှိပါတယ်။
အောက်တိုဘာ ၈ ရက်နေ့က Operation Spitfire ကနေ ရန်ကုန်တိုင်းရှိ လေတပ်ပိုင်းလော့တွေ အမည်စာရင်းဆိုပြီး ပိုင်းလော့ ၁၅ ယောက်ရဲ့ နာမည်နဲ့လိပ်စာတွေကို အတိအကျ ထုတ်ပြန်ထားပါတယ်။
ဒီနှစ်အတွင်း ဖေဖော်ဝါရီလတုန်းကလည်း ရန်ကုန်တိုင်း၊ မြောက်ဥက္ကလာပမြို့နယ် ၊ ဂ ရပ်ကွက်၊ ဥက္ကာ (၅) လမ်းမှာရှိတဲ့ လေတပ်ဗိုလ်မှူးကြီးအောင်မျိုးကျော်ရဲ့ နေအိမ်မှာ ဗုံးပေါက်ကွဲခဲ့ပါတယ်။
Photo-DSINFO