တိုင်းရင်းသားတွေအနေနဲ့ မိမိတို့ဒေသရဲ့ အခွင့်အရေးတွေကို တရားဥပဒေနဲ့ အညီ တောင်းဆိုနိုင်ဖို့အတွက် နိုင်ငံရေးစင်မြင့် လွှတ်တော်မှာ ပိုမိုပါဝင်ဖို့ အာဏာသိမ်း စစ်ခေါင်းဆောင်က ပြောကြားလိုက်ပါတယ်။
အောက်တိုဘာ ၁၁ ရက်က မွန်ပြည်သစ်ပါတီ (NMSP) ဒုတိယဥက္ကဋ္ဌ နိုင်အောင်မင်း ဦးဆောင်တဲ့ ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့နဲ့ နေပြည်တော်မှာ တွေ့ဆုံစဉ် အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကပြောဆိုခဲ့တာလို့ စစ်ကောင်စီသတင်းထုတ်ပြန်ချက်အရ သိရပါတယ်။
ငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေးရာမှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့တောင်းဆိုချက်တွေ၊ ဒေသနဲ့ တိုင်းပြည် အတွက် အမှန်တကယ်လိုအပ်ပြီး ဖြစ်သင့်ဖြစ်ထိုက်တာတွေကို ပွင့်လင်းစွာအကျေအလည် ဆွေးနွေးသွားမှာဖြစ်ပြီး ပြည်ထောင်စုအကျိုးကို ရှေးရှုကာအမြင် ကျယ်ကျယ်နဲ့ လေးလေးနက်နက်ဆွေးနွေးဆောင်ရွက်သွားကြဖို့လည်း စစ်ခေါင်းဆောင်က မွန်ပြည်သစ်ပါတီကိုယ်စားလှယ်အဖွဲ့ကို ပြောပါတယ်။
ပါတီတွေကို ခွဲခြမ်းစိတ်ဖြာကြည့်ပါက နိုင်ငံရေးကို အခြေခံတဲ့ပါတီ၊ ဒေသကို ကိုယ်စားပြုတဲ့ပါတီ၊ တိုင်းရင်းသားကို ကိုယ်စားပြုသည့်ပါတီတွေရှိပြီး မိမိတို့တစ်ဖွဲ့တည်း၊ တစ်ပါတီတည်း ကြည့်လို့ မရဘဲ ပြည်ထောင်စုစိတ်နဲ့ ပြည်ထောင်စုအကျိုးကို ရှေးရှုဆောင်ရွက်ကြဖို့လည်း စစ်ခေါင်းဆောင်က ပြောကြားခဲ့တယ်လို့ဆိုပါတယ်။
မွန်ပြည်သစ်ပါတီ (NMSP) ဒုတိယဥက္ကဋ္ဌနဲ့ အဖွဲ့ကတော့ တစ်နိုင်ငံလုံးငြိမ်းချမ်းရေးရရှိရေးကို ရည်မှန်းချက်ထားပြီး ငြိမ်းချမ်းရေးလမ်းကြောင်းပေါ် အစဉ်တစိုက်ပါဝင် လျှောက်လှမ်း နေကြောင်း နိုင်ငံရေးအရဖြစ်ပေါ်လာတဲ့ သဘောထား ကွဲလွဲမှုတွေကို နိုင်ငံရေးအရသာ ဆွေးနွေးဖြေရှင်းရေးကို ရပ်တည်ကြောင်းဆွေးနွေးပါတယ်။
ဆွေးနွေးပွဲမှာ စစ်ကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ကောင်စီအဖွဲ့ဝင် ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ ဒုဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း၊ ဒုဗိုလ်ချုပ်ကြီးရာပြည့် တို့ တက်ရောက်ကြပြီး မွန်ပြည်သစ်ပါတီ (NMSP) ဒုတိယဥက္ကဋ္ဌနှင့်အတူ (NMSP) ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် နိုင်ဗညားလယ်နဲ့ ဗဟိုကော်မတီဝင် နိုင်အမ်စိုက်ချမ်းတို့ တက်ရောက်ကြပါတယ်။
မွန်ပြည်သစ်ပါတီ (NMSP) ဒုတိယဥက္ကဋ္ဌ ဦးဆောင်တဲ့ အဖွဲ့ဟာ စစ်ကောင်စီလက်အောက်ခံ ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့၊ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေး ဆွေးနွေးမှု ညှိနှိုင်းရေးကော်မတီတို့နဲ့ နေပြည်တော်မှာ ဆက်လက်တွေ့ဆုံဆွေးနွေးဖို့ရှိပါတယ်။
အန်စီအေအပစ်ရပ်လက်မှတ်ထိုးထားတဲ့ မွန်ပြည်သစ်ပါတီ (NMSP)ကိုယ်စားလှယ်အဖွဲ့ဟာ ၂၀၂၂ ခုနှစ် မေလ ၂၃ ရက်မှ ၂၅ ရက်အထိ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်နဲ့ နေပြည်တော်မှာ ပထမအကြိမ် တွေ့ဆုံဆွေးနွေးခဲ့ပြီး အခု ဒုတိယအကြိမ် ထပ်မံ တွေ့ဆုံတာဖြစ်ပါတယ်။
မွန်ပြည်သစ်ပါတီအနေနဲ့ နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးတာတွေ ထပ်မလုပ်ဖို့ မွန်နိုင်ငံရေးမှာ ပါဝင်ပတ်သက်နေတဲ့ မွန်အဖွဲ့အစည်း ၁၀ ဖွဲ့က အိတ်ဖွင့်စာပေးပို့ တောင်းဆိုထားတဲ့ကြားက မွန်ပြည်သစ်ပါတီ ကိုယ်စားလှယ်အဖွဲ့က နေပြည်တော်ကို ထပ်မံသွားရောက်နေတာဖြစ်ပါတယ်။
စစ်ခေါင်းဆောင် ဖိတ်ခေါ်တဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲကို သွားရောက်တဲ့ အဖွဲ့အများစုဟာ ဆယ်စုနှစ်တွေနဲ့ချီပြီး စစ်ကောင်စီတပ်နဲ့ တိုက်ပွဲတွေဖြစ်ပွားတာမရှိတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ ဖြစ်ပါတယ်။
အခုလက်ရှိ တိုက်ပွဲ ပြင်းထန်ဖြစ်ပွားနေတဲ့ KNU၊ KIA ၊ KNPP ၊ CNF ၊ AA နဲ့ TNLA စတဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေကတော့ စစ်ခေါင်းဆောင်ဖိတ်ခေါ်တဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲကို အယုံအကြည်မရှိတဲ့အတွက် သွားရောက်ခြင်းမရှိပါဘူး။
Photo-DSINFO