(က)
နိုင်ငံတဝန်းမှာရှိတဲ့ မြို့အသီးသီးမှာ သူ့နည်းသူ့ဟန်နဲ့ ကျော်ကြားကြတာမျိုးတွေ ရှိပါတယ်။ တချို့မြို့တွေက သီးနှံထွက်ကုန်ကြွယ်၀လို့။ တချို့မြို့တွေက တွင်းထွက်ကုန်ပစ္စည်းများပြားလို့။ တချို့မြို့တွေက ကုန်သွယ်မှု ဗဟိုကျလို့။ တချို့မြို့တွေကျတော့ ရှေးဟောင်းအမွေအနှစ်တွေ ရှိလို့။ အစရှိတဲ့ ဝိသေသလက္ခဏာအသီးသီးနဲ့ သမိုင်းကိုယ်စီ ရှိကြသလိုပဲ ‘စလင်းမြို့’ကလေးဟာလည်း ထူးခြားတဲ့သမိုင်းလက္ခဏာတွေ ရှိနေတယ်။
အခု ကျနော်ပြောတဲ့ စလင်းမြို့ကလေးဆိုတာ စေတီပုထိုးတွေ၊ ရုပ်စုံကျောင်းကြီးတွေ ရှိတဲ့မြို့ပါ။ ‘ဘုရားပုထိုး မြေကြီးကျိုးမျှ’လို့ စာချိုးယူရလောက်အောင် စေတီပုထိုးပေါတဲ့ မြို့ကလေးပါပဲ။ ပြီးတော့ ရှေးဟောင်းခံတပ်ကြီးတစ်ခု၊ ခန့်ညားတဲ့အုတ်မြို့ရိုး၊ ထင်ရှားကျော်ကြားလှတဲ့ ထေရဝါဒ ဗုဒ္ဓဝါဒဂုဏ်ဆောင် ဆရာတော်ကြီးများ ချက်မြှုပ်ရာ၊ သီတင်းသုံးတော်မူခဲ့ရာမြို့။ ပြီးတော့ ရှေးဘုရင်များလက်ထက်ကတည်းက ဘုရားထူးခံ သူကောင်းမျိုးရိုးနွယ်များရှိတဲ့မြို့။ တသက်လုံး ဆွေစဉ်မျိုးဆက် တောင်းရမ်းစားသောက်ရတဲ့ ဘုရားကျွန်၊ နောင်အခါ သူတောင်းစားဟူ၍ ခေါ်ဝေါ်သတ်မှတ်ခံရသူများလည်း ရွာတည်ပြီးနေထိုင်ခဲ့ရာမြို့။
ပြီးတော့ နိုင်ငံတဝန်း မြို့အသီးသီးဟာ သမိုင်းကိုယ်စီရှိကြတယ်ဆိုတာလည်း မှန်ပါတယ်။ ထိုနည်းတူစွာပဲ စလင်းမြို့ကလေးရဲ့သမိုင်းကလည်း ထူးခြားတယ်။ လေးနက်ဆန်းပြားပြီး စိတ်၀င်စားဖို့ကောင်းတယ်။ ရှေးမြန်မာမင်းများလက်ထက်ကဆိုရင် ဒီမြို့ကလေးဟာ ‘သုနာပရန္တ စန္ဒာလင်္ကာရမြို့’ဆိုတဲ့ ဘွဲ့အမည်နဲ့ ထင်ရှားခဲ့တာပဲ။ ဒီနေရာမှာ သည်လိုလေးနက်ဆန်းပြား ခန့်ညားတဲ့ သမိုင်းဆိုင်ရာကိုယ်ပိုင်လက္ခဏာတွေ ဘယ်လောက်ပဲရှိရှိ၊ ဒီအကြောင်းအရာတွေဟာ ကာလရှည်ကြာလာတဲ့အခါ အဓိပ္ပါယ်တိမ်းစောင်းမှုတွေ၊ မှုန်ဝါးပျောက်ကွယ်မှုတွေ ဖြစ်ကုန်ကြတာလည်း ရှိတတ်ပါတယ်။ ဒီလိုမဖြစ်ရအောင် ဒီလို နဂိုလ်မူလ သမိုင်းအရှိ မတိမ်စောင်း မထွေပြားရလောအောင် စလင်းမြို့ကလေးရဲ့ ဂုဏ်အင်္ဂါလက္ခဏာတွေကို စနစ်တကျ ပြုစုထုပ်ပိုးထားတဲ့နည်းကတော့ စာအုပ်စာတမ်းနဲ့ ပြုစုထားတဲ့နည်းဖြစ်ပါတယ်။ ကံအားလျော်စွာ စလင်းမြို့ကလေးအကြောင်း စနစ်တကျ ပြုစုရေးသားထားတဲ့စာအုပ်တစ်အုပ် ကျနော် ဖတ်ခွင့်ရပါတယ်။ စာအုပ်ရဲ့အမည်က ‘သုနာပရန္တ စန္ဒာလင်္ကာရပုံရိပ်’။ ရေးသားပြုစုသူက စာရေးဆရာ ရဟန်းတော် ‘ဦးစန္ဒိမာ(စလင်း)’ဖြစ်ပါတယ်။
(ခ)
‘သုနာပရန္တ စန္ဒာလင်္ကာရပုံရိပ်’စာအုပ်ဟာ ‘စလင်းမြို့’အကြောင်း စနစ်တကျ မှတ်တမ်းပြုရေးသားထားတဲ့ စာအုပ်ဖြစ်ပါတယ်။ စာအုပ်ကို စတင်ဖတ်ရှုတယ်ဆိုရင်ပဲ ကျနော့်စိတ်က စာအုပ်ထဲနစ်သွားလိုက်၊ ခဏနားပြီးစဉ်းစားလိုက်နဲ့ ဖတ်ခဲ့ရပါတယ်။ စလင်းမြို့ကို လွန်ခဲ့တဲ့ တစ်လလောက်က ကျနော်ရောက်ပါတယ်။
ခဏတာရောက်ခဲ့ဖူးတဲ့ ဆရာတော် ဦးစန္ဒိမာရဲ့ကျောင်းတော်ပေါ်က နံရံတွေမှာ ထင်ရှားကျော်ကြားတဲ့ စာပေအနုပညာရှင်တွေရဲ့ ဓာတ်ပုံတွေ၊ ပန်းချီပုံတွေကို တခုတ်တရ ချိတ်ဆွဲထားကိုလည်း ပြန်လည်မြင်ယောင်နေမိပါတယ်။
ပြီးတော့ ဆရာတော်က စကားပြေအရေးကောင်း၊ လွတ်လပ်ပြီး ခေတ်မီသုတေသနအမြင်ကလည်းရှိဆိုတော့ ဒီစာအုပ်က ကျနော့်ကို သုံးလေးရက်လောက် လက်ကမချနိုင်လောက်အောင် စည်းရုံးထားနိုင်ခဲ့တယ်။ ဒီစာအုပ်ကို ဆရာတော်က ဘယ်လိုအမြင် ဘယ်လိုခံယူချက်နဲ့ရေးခဲ့သလည်း၊ ပြီးတော့ ဆရာတော်ရဲ့စကားပြေအရေးအသား၊ ဒီနှစ်ချက်ကို အောက်မှာဖေါ်ပြတဲ့ ခြောက်ကြောင်းလောက်သာရှိတဲ့စာပိုဒ်ကိုဖတ်ကြည့်ရင် သိနိုင်ပါတယ်။
(ဟိုတုန်းက ပုဂံကို အခေါက်ခေါက်အခါခါ ရောက်ခဲ့သော်ငြား သမိုင်းနှင့်ဝေးနေတော့ သိပ်အရသာမရှိ၊ သမိုင်းနှင့်နီးသွားတော့ တန်ဘိုးမြင့်တက်လာသည်။ ခံစားမှုရသ ပြည့်ပြည့်၀၀ ရှိလာသည်။ ဘုရားတစ်ဆူဖူးလိုက်သည်နှင့် ဘုရားသမိုင်း၊ ဘုရားဒကာ၊ ရာဇ၀င်နောက်ခံကားချပ်များနှင့်အတူ ပန်းရန်၊ ပန်းတော့၊ ပန်းတမော့၊ ပန်းချီ၊ ပန်းပု အနုပညာလက်ရာတွေကို နက်နက်ရှိုင်းရှိုင်း ခံစားလာရသည်။ သြော်…ရှေးမြန်မာဗိသုကာတွေက အံ့မခန်းပါလား။ ရှေးတုန်းက မြန်မာတွေဆိုတာ သည်လိုပါလား။ ကိုယ့်ထီးကိုယ့်နန်း ကိုယ့်ကြငှန်းနှင့် သိပ်အဆင့်မြင့်ပါလားဟု ဂုဏ်ယူတတ်လာသည်။) (စာ ၄၁၈)
ဆရာတော်က သည်လိုခံယူချက် ခံစားချက်၊ သည်လို စကားပြေအရေးအသားများနဲ့ ‘သုနာပရန္တ စန္ဒာလင်္ကာရပုံရိပ်’စာအုပ်ကို ပြုစုခဲ့ခြင်းဖြစ်သည်။ စုစုပေါင်း ဆောင်းပါး ၁၂၁ ပုဒ်။ အမှာစာက ၄ ခု၊ (လူထုဒေါ်အမာ၊ မောင်ညိုပြာ၊ ချစ်ဦးညို၊ ကိုယ်တိုင်ရေး)။ ဘုရားပုထိုးတစ်ခုချင်းစီရဲ့သမိုင်းများ၊ စလင်းနယ်ဖွား ထင်ရှားတဲ့ သာသနာ့၀န်ဆောင်ပုဂိုလ်များ၊ စာပေအနုသုခုမ ပညာရှင်များ၊ တောင်ဖီလာဆရာတော်မှသည် မျက်မှောက်ခေတ် ကဗျာဆရာ စလင်းဌေးကြည်အဆုံး အပြည်စုံဆုံး ပြုစုရေးသားထားတာ တွေ့ရပါတယ်။
(ဂ)
ရှေးစာဆိုများရဲ့ စလင်းမြို့ဘွဲ့လင်္ကာတချို့ရှိပါတယ်။
စလင်း နာဂရ၊ မြေမျာ့ချက်ချာ၊ တေဇာလွန်ဘိ၊ မြို့ဂုဏ်ရှိ၀ယ်(ဦးစိန္တာမဏိ)
နတ်ရွာသန္တာန်၊ တည်စဟန်ကား၊ သည်ပြန်တံလိုက်၊ ပတ်ဝိုက်အုတ်ရိုး၊ သာမျိုးပျော်ခင်း၊ မြို့စလင်း(မြို့တည်မော်ကွန်း)
စလင်းမြို့ဘွဲ့လင်္ကာတွေကတော့ အများကြီးရှိပါတယ်။
ဆရာကြီးသခင်ကိုယ်တော်မှိုင်းသည်ပင်လျင် စလင်းသူ မယ်တင့်နဲ့ မယ်မြင့်တို့ရဲ့ ရုပ်ရည်ချောမောလှပမှုကို လေးချိုးတစ်ပုဒ်နဲ့ ရေးသားအမွှန်းတင်ခဲ့သေးတာပဲ။ ပြီးတော့ ရွှေတောင်နန္ဒသူ(စလင်းနဝဒေး)၊ ပြဇာတ် ဆရာသင်၊ ဟေမ၀န်ဗွေ ဦးမြတ်သာဒွန်း၊ ကျပင်းဆရာဖီး၊ ယောင်္ကျားမင်းသမီးကြီး အောင်ဗလ၊ အသံဝိဇ္ဖာ မင်းသားကြီးပုလဲစိန် အစရှိတဲ့ လူပုဂိုလ်အကျော်အမော်များ မွေးထုတ်ရာမြို့။ ခေတ်စမ်းစာရေးဆရာကြီး ‘သိပ္ပံမောင်၀’က ‘အညာဘုရားပွဲ’ ဆိုပြီး ဂန္ထာလောကမဂဇင်းမှာ ဆောင်းပါးရေးရလောက်အောင် အညာဓလေ့၊ အညာစရိုက်တွေနဲ့ နှစ်စဉ် ရှင်ပင်ကုသိနာရုံဘုရားပွဲ ကျင်းပရာမြို့၊ သက်တမ်းအားဖြင့် နှစ်တစ်ရာပြည့်တော့မယ့် မန္တလေးဆရာအေး၊ ဆရာဦးချစ်မြဲတို့ရဲ့ နိပါတ်တော်ပန်းချီကားများ ရှိတဲ့မြို့၊ ‘ပန်းချီမှာ စကု ပန်းပုမှာ စလင်း’လို့ ဆိုရလောက်အောင် သစ်သားပန်းပု အင်္ဂတေပန်းပုရုပ်များနဲ့ တန်ဆာဆင်ထားတဲ့ ရုပ်စုံကျောင်းကြီးများ ရှိရာမြို့၊ နယ်ချဲ့အင်္ဂလိပ်တပ်များကို ခုခံတိုက်ခိုက်ခဲ့ရာ ဗိုလ်ဥတ္တမခံတပ်ကြီး ရှိရာမြို့၊ တောကျေးငှက်တို့ ပျော်ပါးရာ ပဒုမ္မာကြာကန်ကြီးရဲ့အလည်က လှပငြိမ်းချမ်းလှတဲ့ ရေလည်ဘုရားရှိရာမြို့…။ ဒါတွေကတော့ စလင်းမြို့ကလေးရဲ့ ထူးခြားလေးနက်လှတဲ့ မြို့အင်္ဂါရပ်တွေကို ဆရာတော်ရဲ့ ‘သုနာပရန္တ စန္ဒာလင်္ကာရပုံရိပ်’ စာအုပ်ထဲမှာ တွေ့ရတဲ့ အချက်အလက်တွေပါပဲ။
‘စစ်ကိုင်းထောင်သင်း၊ စလင်းလက်ျာ၊ ပြည်မှာနဝဒေး’ဆိုပြီး ဘွဲ့မည်သုံးခုအထိရခဲ့တဲ့ ‘စာဆိုနဝဒေး’ ရဲ့ ဇာတိမြို့။ ‘သားချစ်တော့ ကျပင်း၊ သမီးချစ်တော့ စလင်း’ဆိုပြီး မှတ်သားရလောက်အောင် မင်းတုန်းမင်းက သမီးဖြစ်သူကို ချစ်မြတ်နိုးလွန်းလို့ အခွန်အတုတ် များများရတဲ့စလင်းကို အပိုင်စားပေးခဲ့ခြင်းဖြင့် ပိုပြီး ထင်ရှားခဲ့တဲ့မြို့။
ဒီအချက်အလက်တွေဟာ ဆရာတော် ဦးစန္ဒိမာ(စလင်း)ရဲ့ ‘သုနာပရန္တ စန္ဒာလင်္ကာရပုံရိပ်’စာအုပ်ထဲမှာ တွေ့ရဖတ်ရတဲ့ စလင်းမြို့ကလေးနဲ့ပတ်သက်တဲ့ အချက်အလက်တွေပါပဲ။ ပြီးတော့ ဟိုးရှေးယခင်ကတည်းက ကျားက သမင်ကိုချောင်းနေတဲ့အချိန် မုဆိုးရောက်လာလို့ အစာလင့်တာကိုအကြောင်းပြုပြီး ‘အစာလင့်’လို့ အမည်တွင်ခဲ့ရာက ‘စလင်း’ဆိုပြီး မြို့အမည်တွင်ခဲ့သည်လို့ဆိုတဲ့ စလင်းမြို့အမည်သမိုင်းကိုလည်း ဖတ်ရပါတယ်။
ဆရာတော်ဟာ ရောက်ရာဒေသရဲ့ ဒေသိယစကား၊ ဒေသိယစရိုက်၊ ဒေသိယအခြေအနေ၊ ဒေသိယလူပုဂိုလ်များအကြောင်း အာရုံစူးစိုက်တတ်သူဖြစ်ပါတယ်။ ဒါကြောင့်မို့လည်း ဒီစာအုပ်ထဲမှာ စလင်းနယ်တဝိုက်က စျေးနေ့တွေမှာ တောင်သုံးလေးလုံးကို ခြေလျင်ကျော်ပြီး ချောင်းအတိုင်း စုန်ဆင်းလာပြီးမှ စျေးလာ၀ယ် စျေးလာရောင်းကြရတဲ့ သာမန်ကျေးလက်ဆင်းရဲသား လူတန်းစားကအစ သိန်းထောင်ပေါင်းများစွာ အလှူဒါနပြုဖို့၀န်မလေးတဲ့ လူချမ်းသာတစ်ဦးအကြောင်းအဆုံး လူချင်းတွေ့ဆုံ မေးမြန်းမှတ်သား မှတ်တမ်းတင်နိုင်တာကိုလည်း ဒီစာအုပ်မှာ တွေ့ရပါတယ်။
ဒီအထဲမှာ ဆရာတော်က ‘သူကောင်းဆိုသော လူတန်းစားတစ်ရပ်’ ဆိုတဲ့ခေါင်းစဉ်နဲ့ စလင်းမြို့က ဘုရားထူးခံ သူကောင်းမျိုးရိုးများအကြောင်းကိုလည်း သီးသန့်ထည့်သွင်းဖေါ်ပြထားတာ တွေ့ရပါတယ်။ (စာ ၄၂၇)။
မြန်မာက္ကရာဇ် ၅၅၆ ခု၊ ပုဂံခေတ် နရပတိစည်သူမင်းကြီးလက်ထက်ကတည်းက ဘုရင့်ဘွဲ့တံဆိပ်တော်ရ လက်အောက်ခံ သံပျင်တဆေး၊ တမန်၊ ကျီစိုး၊ အတွင်းကျွန်၊ အပြင်ကျွန်၊ အမှုလုပ်ကျွန်၊ သားပေါက်ကျွန်၊ လယ်ကျွန် အစရှိသော အဆင့်ဆင့် ကျေးကျွန်များထားရှိခွင့်ရှိကြပြီး လယ်ဧက ၅၀၀ မှသည် ဧက ၂၀၀၀ ကျော်အထိ ပိုင်ဆိုင်ခဲ့ကြသူများဖြစ်ပါတယ်။ စလင်းမြို့ ပေါင်းပဇင်းရပ်ကွက်ကြီးတစ်ခုလုံးနီးပါး အဲဒီ သူကောင်းမျိုးရိုးများရဲ့ ခြံကျယ်ကြီးများ၊ သစ်သားအိမ်၊ တိုက်အိမ်ကြီးများ ရှိခဲ့ဖူးပါတယ်။ အခုတော့ ယင်း သူကောင်းမျိုးရိုးများဟာ ရန်ကုန်မြို့နဲ့ တခြားတိုင်းပြည်များဆီ ရွှေ့ပြောင်းရောက်ရှိသွားခဲ့ကြပြီဖြစ်ကြောင်းလည်း သမိုင်းအခြေခံ အချက်အလက် စုံစေ့စွာနဲ့ ကျယ်ကျယ်ပြန့်ပြန့် ထည့်သွင်းရေးသားထားတာ တွေ့ရပါတယ်။
မကြာခင်ကမှ စလင်းမြို့ကလေးကို ကျနော် အလည်တခေါက်ရောက်ရှိခဲ့စဉ် လူသူမနေတော့တဲ့ သူကောင်းတိုက်အိုတိုက်ပျက်ကြီးတစ်ခုကို စလင်းမြို့ လမ်းမကြီးပေါ်က လိပ်ပြာကန်အနီးမှာတွေ့လို့ မော့ကြည့်ခဲ့မိတာကိုပင် သတိရနေမိပါသေးတယ်။
ချို့ယွင်းချက်လို့ မဆိုနိုင်ပေမယ့် ကျနော် သိချင်တဲ့အချက်ကလေးတစ်ချက်တော့ ဖြည့်စွက်ပြီး ပြောချင်ပါသေးတယ်။ စလင်းမြို့မှာ ယခင် နှစ် ၅၀ လောက်က သူတောင်းစားရွာ သို့မဟုတ် ကယ်ပါရွာဆိုပြီး တမြို့လုံးက သတ်မှတ်တဲ့ ရွာကလေးတစ်ရွာဟာ စလင်းမြို့ဘေးမှာ ရှိခဲ့တယ်။ ဒီရွာသူ ရွာသားတွေဟာ စလင်းမြို့ရဲ့ မိလ္လာကျုံးတဲ့အလုပ်ကအစ အ၀တ်လျှော် ထမင်းချက်အလုပ် အစရှိတဲ့ အခြေခံအလုပ်တွေကို လုပ်ကြရင်း လိုက်လံတောင်းမစားကြတော့သည့်တိုင် သူတို့ကို သူတောင်းစားမျိုးရိုးများအဖြစ် လူတွေက သတ်မှတ်ခဲ့ကြတယ်။ တချိန်တည်းမှာပဲ သူတို့ဟာ လယ်ယာထွန်ယက်စားသောက်တဲ့အလုပ်ကို လုပ်ကိုင်ကြသည့်တိုင် စလင်းမြို့ကလေးရဲ့ အသုဘကိစ္စအ၀၀ကိုလည်း ဆောင်ရွက်ပေးကြရတယ်။ အဲဒီရွာဆိုတာ အထက်က ကျနော်ပြောခဲ့တဲ့ သူကောင်းမျိုးရိုးများနဲ့ ပတ်သက်နေခဲ့သလား။ အခုတော့ အဲဒီရွာကလေး ရှိမှ ရှိသေးရဲ့လား။ အဲဒီ ကယ်ပါရွာကလူတွေ သက်ရှိထင်ရှားမှ ရှိသေးရဲ့လား။ သူတို့အကြောင်း သူတို့ရဲ့နောက်ဆုံးအခြေအနေ ဘယ်လိုတွေ ဖြစ်လာကြပြီလည်း။ ဘယ်လိုဘ၀မျိုးတွေဆီ ကူးပြောင်းသွားကြပြီလည်း။ဒီအချက်တစ်ချက်ကိုတော့ ဆရာတော်ရဲ့ ‘သုနာပရန္တ စန္ဒာလင်္ကာရပုံရိပ်’ စာအုပ်မှာ မပါရှိခဲ့ပါဘူး။
သူကောင်းမျိုးရိုးများအကြောင်း တခန်းသပ်သပ် ရေးသားဖေါ်ပြခဲ့တဲ့နည်းတူ သူတို့(ကယ်ပါ)ရွာကလေးအကြောင်းတွေကိုလည်း ပါ၀င်ရေးသားမှတ်တမ်းတင်လျင်ဖြင့် ‘သုနာပရန္တ စန္ဒာလင်္ကာရပုံရိပ်’ စာအုပ်ဟာ သည့်ထက် သမိုင်းအချက်အလက် ပြည့်စုံတဲ့စာအုပ် ဖြစ်ကောင်းဖြစ်သွားလေမလားလို့ ကျနော် တွေးမိပါတယ်။
လွန်ခဲ့တဲ့ တစ်နှစ်ကျော်က အောင်ပန်းမြို့ကလေးအကြောင်းရေးထားတဲ့ သမိုင်းမှတ်တမ်းစာအုပ်ကလေးတစ်အုပ် ကျနော်ဖတ်ရပါတယ်။ မင်းလွင်ဦး(အောင်ပန်း)ရဲ့ အောင်ပန်းကြေးမုံပြင်စာအုပ်။ မောရှမ်းတောင်ပေါ်က သက်တမ်းအားဖြင့် နှစ်တရာမျှသာရှိသေးသည့်တိုင် မှတ်တမ်းမှတ်ရာနဲ့တကွ အောင်ပန်းမြို့ကလေးရဲ့သမိုင်းကို စနစ်တကျပြုစုထားတော့ အောင်ပန်းမြို့ကလေးကို ခရီးထွက်ရကျိုးနပ်တယ်လို့ ယူဆခဲ့ဖူးပါတယ်။ အောင်ပန်းမြို့သမိုင်းစာအုပ်ရဲ့ကျေးဇူးကြောင့်ပဲ အောင်ပန်းမြို့ကို ပိုပြီး စိတ်၀င်စားစေပါတယ်။
အခုလည်း ဆရာတော် ‘ဦးစန္ဒိမာ(စလင်း)’ရဲ့ ‘သုနာပရန္တ စန္ဒာလင်္ကာရပုံရိပ်’ စာအုပ်ကို ကျနော် ဖတ်ရပါတယ်။ ဆရာတော်ရေးတဲ့အတိုင်း သမိုင်းကိုသိတော့ ပိုပြီးခံစားလို့ရတာပေါ့၊ ပိုပြီးစိတ်ပါ၀င်စားစေနိုင်တာပေါ့ဆိုတဲ့စကားအတိုင်း အခုတော့ စလင်းမြို့ကလေးဆီ နောက်တစ်ခေါက် ကျနော်သွားချင်နေပြန်ပါပြီ။ မိုးကုန်ရင်တော့ ဆရာတော် ဦးန္ဒိမာရဲ့ ‘သုနာပရန္တ စန္ဒာလင်္ကာရ’ စာအုပ်ကိုပိုက်ပြီး နောက်တစ်ခေါက် မဖြစ်မနေ သွားကိုသွားလိုက်ဦးမယ်လို့ စိတ်ကူးနေမိတယ်။
ငြိမ်းဝေ(ကဗျာ့အိုးဝေ)
စာအုပ်အမည်။ ။ သုနာပရ န္တ စန္ဒာလင်္ကာရပုံရိပ်
စာရေးသူ။ ။ ဦးစန္ဒိမာ(စလင်း)
ထုတ်ဝေသူ။ ။ ဒေါ်မျိုးမျိုးလတ်(ရွှေခေတ်စာပေ)
ထုတ်ဝေခုနှစ်။ ။ ဇူလိုင်၊ ၂၀၁၄ ခု၊ ပထမအကြိမ်
တန်ဘိုး။ ။ ၈၀၀၀ ကျပ်