ရန်ကုန်တိုင်း၊ မြောက်ဒဂုံမြို့နယ်၊ ၃၇ ရပ်ကွက် ပင်လုံလမ်းမှာ ဒီကနေ့ ညနေပိုင်းက ဗုံးပေါက်ကွဲမှုဖြစ်ခဲ့ပြီး အမျိုးသားတဦး ဒဏ်ရာရရှိခဲ့တယ်လို့ မြို့ခံတွေက ပြောပါတယ်။
၃၇ ရပ်ကွက် ပင်လုံလမ်း နဲ့ ရွှေသီရီလမ်းထောင့်မှာ ဒီကနေ့ ညနေလေးနာရီခွဲက ကားတစီးအနီးမှာ ဗုံးပေါက်ခဲ့တာလို့ ရပ်ကွက်နေသူတဦးက ပြောပါတယ်။
"ကားအနီရောင်နားမှာ ဗုံးပေါက်တာ၊ ယာဥ်မောင်းတော့ ထိသွားတယ်။ စစ်တပ်က ရောက်လာပြီး စစ်ဆေးတာတွေ လုပ်နေတယ်။ ဒဏ်ရာရတဲ့သူတော့ ဆေးရုံခေါ်သွားတယ်။"
လက်တလောမှာ စစ်ကောင်စီတပ်တွေက ပင်လုံလမ်းနဲ့ ရွှေသီရီလမ်းမှာ ကားနဲ့ဆိုင်ကယ်တွေကို စစ်ဆေးနေတယ်လို့ ဆိုပါတယ်။
ဒီကနေ့ မနက်ပိုင်းကလည်း မြောက်ဒဂုံမြို့နယ် ၃၇ ရပ်ကွက် မြို့နယ်ဘော်လီဘောကွင်းအနီးမှာ မပေါက်ကွဲသေးတဲ့ လက်လုပ်ဗုံးတလုံးကို စစ်တပ်က ဖောက်ခွဲခဲ့သေးတယ်လို့ ရပ်ကွက်နေသူတဦးက ပြောပါတယ်။
“မနက်က ပြည်ထောင်စုလမ်းက အဲယားကွန်းဆိုင်ရှေ့မှာ ဗုံးတွေ့လို့ စစ်တပ်က ဘော်လီဘောကွင်းနားမှာ ယူပြီးခွဲလိုက်တာ။”
ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ်အချို့မှာ အောက်တိုဘာ ၁ ရက်မှ ၁၀ ရက်အတွင်း ပစ်ခတ်မှုနဲ့ ဗုံးပေါက်မှု ၁၈ ကြိမ်ဖြစ်ခဲ့ပြီး သုံးဦး သေဆုံးကာ ၁၄ ဦးဒဏ်ရာရရှိခဲ့ပါတယ်။