ကိုဂျင်မီနဲ့ ကိုဖြိုးဇေယျာသော်အပါအဝင် ၄ ယောက်ကို စစ်ကောင်စီက ရက်စက်စွာ ကွပ်မျက်ခဲ့မှုဟာ မြန်မာနိုင်ငံမှာ သေဒဏ်ပေးတာကို ဆိုင်းငံ့ထားခဲ့တဲ့ ၃၄ နှစ်တာ ဂုဏ်ယူစရာ သမိုင်းကြောင်းကို ပျက်သုဥ်းစေခဲ့ပြီး တရားဥပဒေစိုးမိုးရေးကို ပိုမိုပျက်ယွင်းစေခဲ့တယ်လို့ ဥရောပသမဂ္ဂ(အီးယူ)က ကြေညာပါတယ်။
အောက်တိုဘာ ၁၀ ရက် ဒီကနေ့ ကျရောက်တဲ့ ဥရောပနှင့် တကမ္ဘာလုံးဆိုင်ရာ သေဒဏ်ဆန့်ကျင်ရေးနေ့မှာ ဥရောပသမဂ္ဂက ထုတ်ပြန်လိုက်တာဖြစ်ပါတယ်။
အသက်ရှင်သန်နေထိုင်ခွင့်ကို ချိုးဖောက်တဲ့ ပြင်းထန်ရက်စက်ပြီး လူမဆန်တဲ့ ပြစ်ဒဏ်ကို အချိန်အခါတိုင်းနဲ့ အခြေအနေအရပ်ရပ်မှာ ပြတ်ပြတ်သားသားဆန့်ကျင်တယ်လို့လည်းလို့ အီးယူကဆိုပါတယ်။
အခုအခါ မြန်မာနိုင်ငံဟာ ကမ္ဘာတဝန်းမှာ သေဒဏ်ကွပ်မျက်စီရင်တဲ့ နိုင်ငံပေါင်း ၁၈ နိုင်ငံအနက်မှ တစ်နိုင်ငံဖြစ်လာပြီး ကမ္ဘာအနှံ့ထင်ရှားစွာလုပ်ဆောင်နေတဲ့ သေဒဏ်ဖျက်သိမ်းရေးကို ဆန့်ကျင်နေတယ်လို့ အီးယူက ဝေဖန်လိုက်ပါတယ်။
၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုဂျင်မီ (ခ) ကိုကျော်မင်းယု၊ အန်အယ်လ်ဒီ လွှတ်တော်အမတ် ကိုဖြိုးဇေယျာသော်နဲ့ အာဏာရှင်ဆန့်ကျင် ဒီမိုကရေစီရေးလှုပ်ရှားသူ ကိုအောင်သူရဇော်နဲ့ ကိုလှမျိုးအောင်တို့ ၄ ဦးကို ပြီးခဲ့တဲ့ ဇူလိုင် ၂၃ ရက်မှာ စစ်ကောင်စီက အကျဉ်းထောင်တွင်း သေဒဏ်ပေး ကွပ်မျက်ခဲ့တာဖြစ်ပါတယ်။