အဘစောမူးသာတို့ရဲ့အိမ်ကြီးပေါ်မှာ လက်ဖက်ရည်ကြမ်းနဲ့ ငါးရံ့ခြောက်ဖုတ်ကိုမြည်းကာ နံနက်ခင်းစကားဝိုင်းပေါ့ဗျာ။ အဘစောမူးသာရယ်၊ အဘရစ်ချတ်ရယ်၊ လေရှီးက ဖေကြီးရယ်ပေါ့ ခင်ဗျာ။ အဘရစ်ချတ်က စကားပြောရင်း ဖေ့စ်ဘွတ်ခ်လည်း ကြည့်နေပုံရပါ၏။
“အဲ . . . မူးသာရေ . . . ဟိုကောင်ငပု ‘ပြင်ဦးလွင်’ သာ မသွားရဲတာ၊ အခု ‘ပြည်’ ဘက်ကို သွားသတဲ့ ဟ”
“ဟေ . . . ဟုတ်လားဟ၊ ဘာသွားလုပ်တာလဲ ရစ်ချတ်ရ”
“သူတို့ သတင်းလိမ်ပြန်ကြားရေးအဖွဲ့ကတော့ ကြင်စိုး သာဝ မအလဟာ သရေခေတ္တရာ မြို့တော်ဟောင်းကို သွားရောက်ပြီး လိုအပ်တာတွေကို လမ်းညွှန်မှာကြားသတဲ့ဟ”
“ဟားဟား ဟားဟား ဟားဟား . . . မအလကတော့ ‘ရှေးဟောင်း’ ကို ဝင်ရှုပ်ပြန်ပြီပေါ့ဟာ . . . ပြီးရင် သူသိ သူတတ်လုပ်ပြီး ကြီးကြီးကျယ်ကျယ်တွေ ပေါက်တတ်ကရတွေ မဟုတ်မဟတ်တွေ စောက်တလွဲတွေ ‘စဆရက’ စောက်ဆရာကြီးလုပ်ပြီး မှာကြားအုံးမှာ . . .”
“ဟားဟား ဟားဟား ဟားဟား . . .”
“အေးကွ . . . စိုက်ပျိုးရေးလည်း စိုက်ပျိုးရေးမို့လို့၊ မွေးမြူရေးလည်း မွေးမြူရေးမို့လို့၊ ကုန်ထုတ်လုပ်ရေးလည်း ကုန်ထုတ်လုပ်ရေးမို့လို့၊ နည်းပညာလည်း နည်းပညာမို့လို့ . . . သူ အကုန်လုံး ကျွမ်းကျင်သလိုလို တဖက်ကမ်းခတ်သလိုလိုတွေ တီဗွီထဲမှာ လျှောက်လျှောက် ‘အာ’ လာတာ ကြာပေါ့”
“အေးကွ . . . အခုလည်း ရှေးဟောင်းပျူလူမျိုးတွေဟာ ဘယ်လို ဘယ်ညာ၊ ပျူတွေရဲ့ ယဉ်ကျေးမှုဟာ ဘယ်လိုဘယ်ပုံ၊ ရှေးဟောင်း သမိုင်းဝင်မြို့တော်တွေဟာဖြင့် ဘယ်လို ဘာညာ သာရကာ . . ‘ရွှီး’ လေအုံးမှာ အမှန်ပေါ့ကွ . . . အာဟ အာဟ”
“ဟားဟား ဟားဟား ဟားဟား . . . .”
“ကလင် . . . ကလင် . . . ကလင်”
စကားဝိုင်းကောင်းနေခိုက် အိမ်ခြံဝင်းထဲသို့ စက်ဘီးတစီး ဘဲလ်တီးကာ ဝင်လာပါလေ၏။ ပြီးတော့ လျှာထိုးဦးထုပ်ကို ခပ်ငိုက်ငိုက်ဆောင်းထားသည့် ချွေးတွေ ရွှဲစိုနေသူတဦး အိမ်ပေါ်သို့ တက်လာလေရာ စစ်ပြန်ကြီး အဘလုံးတုံး ဖြစ်နေပါလေ၏ ခင်ဗျာ။
“ဟာ . . . လုံးတုံး . . ဆိုင်ကယ်နဲ့မလာဘဲ ဒီလောက်အဝေးကြီးကို စက်ဘီးနင်းလာရသလားကွာ . . . မိုက်ပ”
“မိုက်လည်း မတတ်နိုင်ဘူးမူးသာရေ့ . . . ‘ဆီဖိုး’ က ကြာတော့ မင်းတို့တွေသိတဲ့အတိုင်းပဲ”
ဟုတ်၏။ သည်ရွာထဲကလူတွေ အတော်များများ တော်ရုံတန်ရုံဆို ဆိုင်ကယ်မစီးကြတော့ဘဲ ချောင်ထိုးထားခဲ့တာ ကြာပြီဖြစ်သည့် စက်ဘီးဟောင်းလေးတွေကို ဖုန်ခါကာ ပြင်တန်တာ ပြင်ကာ စီးနေကြတာ မြင်ရပါလေ၏။
အခု စစ်ပြန်ကြီး အဘလုံးတုံးကတော့ မနီးမဝေးဆိုပေမဲ့ အတော်ကလေးလှမ်းသည့် သူ့ရွာကနေ သည်ရွာအထိ သူမို့လို့ နင်းနိုင်သည်ဟု ဆိုရပေမည်။
“မင်းကွာ . . မိုက်ချက်ကတော့ကမ်းကုန်ပဲ”
“မိုက်လည်း မတတ်နိုင်ဘူးရစ်ချတ် . . ဟို မိုက်လုံးကြီးတဲ့ မင်းတို့အဘ သာဝ ကြင်စိုး မအေရိုးကြောင့်ဟေ့ . . . ဒင်းကြောင့်ဟ”
“ဟားဟား ဟားဟား ဟားဟား . . . .”
ဖေကြီးတို့စကားဝိုင်းမှာ အဘလုံးတုံးပါလာ၍ ပိုမိုကာ မြိုင်ဆိုင်လာတော့မည်မှာ မလွဲပါ။
“အေး . . . ငါ ခြံထဲဝင်လာတော့ တဟားဟားရယ်သံတွေ ကြားလိုက်ပါတယ် . . . ဘာတွေ သဘောကျနေကြတာတုန်း ဟကောင်တွေရ”
“ဟားဟား ဟားဟား ဟားဟား . . . ကြင်စိုး သာဝ မအလတကောင် ‘ရှေးဟောင်း’ ကို ဝင်ကြောင်ပြန်ပြီဆိုပြီး ဟားနေကြတာဟ”
“အေး . . . ဒီကောင် ‘ပြည်’ ကိုသွားတယ်ဆိုပဲဟ”
သို့ဖြင့် ကြင်စိုး သာဝ မအလနှင့် ပြည်မြို့အကြောင်းတွေ စကားဆက်မိကြပါလေ၏။ အဘတို့၏ စကားတွေထဲမှာ ပြည်ကို ‘စစ်ခေါင်းဆောင်တိုင်း’ ရောက်အောင် သွားတတ်ကြကြောင်း၊ အခြား တပ်ကိစ္စ၊ ဋ္ဌာနဆိုင်ရာကိစ္စများကို အကြောင်းပြပြီး သူတို့ တကယ်လုပ်ဖို့သွားသည်မှာကား ‘ယတြာ’ ကိစ္စတွေသာ ဖြစ်ပါလေ၏ တဲ့။
“အေးကွ တောကြက်ပြီးလုံးတုံးရ . . . နင်လည်း အဲသည် ပြည်ကတပ်မှာ အတော်ကြာကြာ နေခဲ့ဖူးတာဆိုတော့ နင့်အတွေ့အကြုံလေးတွေ ဘာတွေ မျှဝေပါအုံးဟ”
“အင်း . . .”
အဘလုံးတုံးက ငါးရံ့ခြောက်တဖတ်ကို ကောက်ဝါးပြီး ရေနွေးကြမ်းခွက်ကို မရင်း ခြံထဲသို့ လှမ်းငေးကာ တွေးနေပါ၏။ သူပြန်ပြောပြဖို့ တခုခုကို စဉ်းစားနေသလိုပါပေ။ ခဏနေတော့ သူ့အပြုံးမျက်နှာကြီးမှာ ပြည့်ဖောင်းလာပါလေ၏။
“ငါ့အထင်တော့ ဘိုတု ကြင်စိုးဟာ အရင်လူတွေလိုပဲ အခြားကိစ္စတွေ အကြောင်းပြပြီး ‘ပြည်ဝင် ပြည်ထွက်’ ယတြာချေပုံပဲဟ”
“ဆိုပါအုံးဟ”
“အေး . . . အဲသလို ယတြာချေရင်းနဲ့ ‘ဝန်ချ’ ခဲ့မှာတော့ ကျိန်းသေပဲ ဟ”
“ဗျာ . . . ‘ဝန်ချတယ်’ ဟုတ်လားအဘ၊ အဲသည် ‘ဝန်ချတယ်’ ဆိုတာ ဘာကိုပြောတာလဲ အဘလုံးတုံးရ”
အဘလုံးတုံးက ပြောပြပါ၏။ ပြည်မြို့ရှိ နာမည်ကျော် ရွှေဆံတော်ဘုရား၏တောင်ဘက်က တောင်ကုန်းပေါ်မှာ စေတီတဆူရှိကြောင်း၊ ထိုစေတီရှိရာ တောင်ကုန်းမှာ ‘ဝန်ချတောင်’ ဟု အမည်ရကြောင်း သိရပါလေ၏။ ထို ဝန်ချတောင်စေတီမှာ မင်းအဆက်ဆက် လာရောက်၍ ‘ဝန်ချ’ ကြကြောင်း သိရပါ၏။
“ဗိုလ်သန်းရွှေလည်း လာဖူးတယ်၊ ဗိုလ်ခင်ညွန့်လည်း လာဖူးတယ်၊ နောက်ပိုင်းလူတွေလည်း အတော့်ကို လာဖူးတယ်။ တိုင်းပြည်နဲ့ လူထုအပေါ် ‘အပြစ်’ လုပ်ထားခဲ့သူမှန်သမျှ တချိန်ချိန်မှာ ရောက်အောင်ကို သွားကြသဟ”
“လာပြီး ဘာလုပ်ကြတာလဲ အဘ”
“ဘာလာလုပ်ရမလဲဟ . . . တိုင်းပြည်နဲ့လူထုအပေါ် သူတို့ ယုတ်မာခဲ့သမျှ ရက်စက်ခဲ့သမျှ ဖိနှိပ်ခဲ့သမျှ သတ်ခဲ့သမျှ မှားခဲ့ရသမျှကို လာပြီး ဘုရားမှာတိုင်တည် ‘ဝန်ချ တောင်းပန်’ ကြတာပေါ့ဟ”
“ဟေ . . . အဲသလိုလား”
“အေးကွ မူးသာရ”
စိတ်ဝင်စားဖွယ်ပါပေ။ မင်းအဆက်ဆက်သာမက နောက်ပေါက်အာဏာရှင်တွေလည်း ကိုယ့်အကြောင်း ကိုယ်သိနေပြီး သူတို့၏ ရက်ရက်စက်စပ်လုပ်ရပ်များကို သူတို့၏စိတ်ထဲမှာ ချောက်ချောက်ချားချား ဖြစ်လာကြသည့်အခါ ‘ဝန်ချတောင်’ မှာ ဝန်ချကာ အပြစ်တို့ကို ပြေပါစေသား ဘာညာ ဆုတောင်းကြတာပါတဲ့ ခင်ဗျ။
“မဟုတ်မဟပ်တွေကို လူမဆန်အောင်လုပ်ထားပြီး အဲသလိုမျိုး ဝန်ချလိုက်တော့ သူတို့အပြစ်တွေက ပျောက်သွားရောလား”
“ဟားဟား ဟားဟား ဟားဟား . . . . . ပျောက်တာတော့ ဘယ်ပျောက်မလဲကွာ၊ သူတို့က ဓာတ်တွေ နတ်တွေ ဘိုးတော်တွေ မယ်တော်တွေ ယတြာသမားတွေဆိုတော့ ကြံမိကြံရာ လုပ်ကြတာပေါ့ကွာ”
“ဒီလိုလား . . . . ဟားဟား ဟားဟား ဟားဟား . . .”
“ညာစရာလူမရှိရင် ကိုယ့်ကိုယ်ကို ပြန်ညာပြီး ‘ငါတော့ ငါလုပ်ခဲ့မိသမျှ အပြစ်ပေါင်း သောင်းခြောက်ထောင်ကို ဘုရားရှေ့မှာ ထိုအပြစ်တို့ကို ပျောက်ပါစေသားလို့ ဝန်ချ ဆုတောင်းပြီးပြီဆိုတော့ ငါ့မှာ ဘာအပြစ်မှ မရှိတော့ဘူး’ ဘာညာပေါ့၊ ကိုယ့်ကိုယ်ကို လှည့်စားတာပေါ့၊ ကိုယ့်စိတ်ကို ကိုယ်လှည့်စားတာပေါ့ ဟာ”
“အင်း . . . သနားစရာဘဝတွေပါကွာ”
ထိုဘုရားစေတီကား စိတ်တော့ဝင်စားစရာပါပေ။ မင်းအဆက်ဆက် ဤသို့ဤပုံ လူမသိ သူမသိ တိုးတိုးတိတ်တိတ်သွားကာ လျှို့လျှို့ဝှက်ဝှက် ဝန်ချတောင်းပန်ပြီး သူတို့၏စိတ်ကို သူတို့လှည့်စား၍ ပြန်သွားကြမှာ ဖြစ်ပါ၏။ လုပ်ခဲ့သည့် အပြစ်ပေါင်းစုံကား ‘ပြေပျောက်’ မှာတော့ဖြင့် မဟုတ်ပါလေ။
“ဒါနဲ့ လုံးတုံးရေ . . . ကြင်စိုးဆိုတဲ့ မအလ ဘုရားမှာ ဘာတွေများ အပူကပ် လျှောက်ထားပြီး ဘယ်လိုအမှားတွေကိုများ ပြောကြားတင်ပြမှာလဲ မသိဘူး”
“အင်းကွ . . . . . .”
အဘလုံးတုံး ရေနွေးပူပူတခွက်ကို ငှဲ့ပြီး ခြံဝင်းထဲသို့ ငေးနေပြန်ပါလေ၏။ ပြီးမှ စကားဟလာပါလေ၏။
“ဒီကောင် ဘာတွေပြောမလဲဆိုတော့. . . ‘ဘုရားတပည့်တော်ဟာ နံပါတ်ဝမ်း တစ်ဂဏန်း တစ်ဖြစ်သည့် ‘သမ္မတထိုင်ခုံ’ ကို မတန်မရာ တမ်းတ မှန်းဆမိခဲ့ပြီး သူတော်ကောင်းများအား အကြီးအကျယ်ပြစ်မှားကာ ဖမ်းချုပ်ထောင်ချခဲ့မိပါသည်၊ ထို့ပြင်မက ပြည်သူလူထုအပေါင်းကိုလည်း ဖမ်းဆီးနှိပ်စက်သတ်ဖြတ်ကာ သူတို့၏ အိမ်တွေ ရွာတွေကိုလည်း အကြောင်းမဲ့ မီးရှို့ဖျက်ဆီးမိခဲ့ပါသည်။ ယခုလို ဘုရားမှာ ပန်း ရေချမ်း ဆီမီး အမွှေးတိုင်များ ကပ်လှူ ပူဇော်ကာ ‘ဝန်ချ’ ခဲ့သည့် အကျိုးအားကြောင့် တပည့်တော် ကျူးလွန်ခဲ့သမျှ အပြစ်များ ကျေပျောက်ပါစေသား”
“ဟားဟား ဟားဟား ဟားဟား . . . . . အကျအနပါပဲလား လုံးတုံးရ . . .”
“ဟားဟား ဟားဟား ဟားဟား . . . .”
အဘတို့ကား အတိုင်အဖောက်ကို ညီလို့ခင်ဗျ။ အဘလုံးတုံး ပြောအပြီးမှာ အဘစောမူးသာ၏ မျက်နှာမှာလည်း ပို၍ ပြုံးလာပြီးသကာလ အတွေးစတစုံတရာကို ဖမ်းဆုပ်ရမိလိုက်သူတဦး၏ မျက်လုံးများကို မြင်ရပါလေတော့၏။ ဖေကြီးအထင် လွဲမည်မထင်ပါ။
“အေးကွ လုံးတုံးရ . . . အခု ခေတ်ပြောင်းတော်လှန်ရေးကြီး ပြီးသွားရင် ငါတို့တွေစုပြီး ခရီးထွက်ကြရအောင်”
“ဘယ်ကိုထွက်မယ်စိတ်ကူးလဲ မူးသာရ”
“မင်းနေခဲ့တဲ့ ‘ပြည်’ ကိုပဲပေါ့ကွာ”
“မင်းတို့တွေ စိတ်ဝင်စားသွားကြပြီကိုးဟ၊ ‘မပြေလည်’ တာတွေ ‘ပြေလည်’ အောင် ‘ပြည်လည်’ ကြမယ် ဆိုပါတော့”
“အေးကွ . . . အလည်သက်သက်တော့ဖြင့် မဟုတ်ပါဘူးကွာ၊ မင်းပြောပြခဲ့တဲ့ အဲသည် ‘ဝန်ချတောင်ဘုရား’ ကို လိုက်ပို့ပေးကွာ”
“ဝန်ချတောင်ဘုရားကို ဖူးချင်လို့လား”
“ငါတို့လည်း ဝန်ချချင်လို့ကွ”
“ဟေ . . . ဘယ်လို . . . ဘယ်လိုကွ”
“ဒီလိုကွာ . . . . ငါတို့လည်း အဲသည် တိုင်းပြည်ကို အငမ်းမရ လုယက်ဖျက်ဆီးခဲ့တဲ့ လူထုမေတ္တာတုံး အယုတ်တမာထိပ်ခေါင် သာဝ ကြင်စိုးမောင်မောင်နဲ့ အပေါင်းပါတွေကို အချိန်ရှိသ၍ မေတ္တာပို့ပြီး ဆဲနည်းပေါင်းစုံနဲ့ အားရပါးရ ‘ဆဲ’ နေကြတာဆိုတော့ အဲသည်အပြစ်တွေ ကျေအောင်လို့ပါဗျား”
“ဟားဟား ဟားဟား ဟားဟား . . . .”
ဖေကြီး (လေရှီး)