Home
ဆောင်းပါး
စိတ်.. ရူးသွပ်ဖောက်ပြန်မှု အနိဋ္ဌာရုံများ
DVB
·
October 9, 2022
CWM

လက်တစ်ဖက်မှာ ဓားရှည်။ လက်တစ်ဖက်မှာ ပစ္စတိုသေနတ်။ ကျောင်းဝင်းထဲ ဂမူးရှူးထိုးဝင်တယ်။ ကျောင်းခန်းဝမှာ ထမင်းစားနေတဲ့ ဝန်ထမ်းလေးယောက်ကို သေနတ်နဲ့ပစ်တယ်။  ပိတ်ထားတဲ့ ကျောင်းခန်းတံခါးကို ခြေထောက်နဲ့ ဆောင့်ကန်တယ်။ သေနတ်နဲ့ပစ်တွန်းဖွင့်တယ်။ ကျောင်းခန်းထဲ အိပ်နေကြတဲ့ လူမမယ်ကလေးငယ်လေးတွေကို ဓားနဲ့ခုတ်တယ်။ သေနတ်နဲ့ပစ်တယ်။ ကျောင်းဝင်းထဲတွေ့သမျှလူ သေနတ်နဲ့ပစ်တယ်။ မိနစ်ပိုင်းအတွင်း ကျောင်းခန်းလေးဟာ သေနတ်သံတွေ အော်ဟစ်ငိုယိုသံတွေနဲ့ လွှမ်းမိုးသွားတယ်။ သေနတ်သမားဟာ ကျောင်းရှေ့ရပ်ထားတဲ့ကားပေါ်ပြန်တက်၊ ကားကို ဂမူးရှူးထိုးနဲ့ လမ်းမပေါ်မောင်းထွက်၊ တွေ့သမျှလူ၊ မော်တော်ဆိုင်ကယ်မရှောင်တိုက်ချသွား။ သေနတ်သမားဟာ သူ့နေအိမ်ပြန်ရောက်ရောက်ချင်း မိန်းမနဲ့ သားကိုပါ သေနတ်နဲ့ပစ်သတ်။  ပြီးတော့ ကိုယ့်ကိုယ်ကို ပြန်ပစ်သတ်။ အဆုံးစီရင်။

မွန်းလွဲ ၁၂ နာရီ ခွဲလောက်က ဖြစ်သွားတဲ့ ထိတ်လန့်တုန်လှုပ်စရာ ဒီအဖြစ်အပျက်ဟာ ၃ နာရီပဲကြာတယ်။ စုစုပေါင်း လူ ၃၇ ယောက် သေဆုံးသွားတယ်။ ဒီအထဲမှာ အရွယ်မရောက်သေးတဲ့ ကလေးသူငယ် ၂၃ ယောက်ပါတယ်။ 

ဒါဟာ သည်းထိတ်ရင်ဖို ရုပ်ရှင်ဇာတ်ဝင်ခန်းတစ်ခု မဟုတ်ဘူး။ ထိုင်းနိုင်ငံ အရှေ့မြောက်ဘက် ဥထိုင်းဆဝမ်မြို့ကလေးက နေ့ကလေးထိန်းကျောင်းမှာ ကြာသပတေးနေ့(အောက်တိုဘာ၆)က တကယ်ဖြစ်သွားတဲ့ အဖြစ်အပျက်တစ်ခုပါ။ ဒီလိုအဖြစ်မျိုး တစ်ခါမှမကြုံဖူးတဲ့ ထိုင်းနိုင်ငံမှာ လူအမြောက်အမြား (အထူးသဖြင့်)  အရွယ်မရောက်သေးတဲ့ ကလေးသူငယ်တွေကို ရက်ရက်စက်စက်အစုလိုက်အပြုံလိုက် သတ်ဖြတ်လိုက်တဲ့ ဒီဖြစ်စဉ်ကြောင့် ကြားရတဲ့သူတိုင်းကို တုန်လှုပ်ခြောက်ခြားခဲ့ရတယ်။

လူသတ်သမားဟာ ရဲဝန်ထမ်းဟောင်းတစ်ဦးပါ။ မူးယစ်ဆေးသုံးစွဲမှုနဲ့ အလုပ်ထုတ်ခံထားရတဲ့ ရဲတပ်ကြပ်ပါ။ အသက်က (၃၄) နှစ်။ နာမည်က ပါညကမ်ရက်။ မူးယစ်ဆေးအမှုနဲ့ ရင်ဆိုင်နေရသူလို့ ဆိုတယ်။ ပုံမှန်ချိန်မှာ သူဟာလူကောင်းတစ်ဦးလိုပဲလို့ အသက်ဘေးက လွတ်မြောက်လာတဲ့ မူကြိုဆရာမတစ်ဦးကပြောပေမယ့် အဲဒီနေ့ကတော့ သူ့မျက်လုံးတွေဟာ မူမှန်မဟုတ်ဘဲ ကြောက်စရာကောင်းနေတယ်လို့ ဆိုတယ်။ ကံကောင်းသွားတာက အဲဒီနေ့က မိုးတွေ တအားရွာတာရော ကျောင်ကြိုကားတစ်စီးပျက်နေတာကြောင့်ပါ ကလေး ၉၂ ယောက်ရှိတဲ့ ကျောင်းကို ကလေး ၂၄ ယောက်ပဲ လာတက်ခဲ့တယ်။ ၂၄ ယောက်မှာ တစ်ယောက်သာ အသက်ရှင်ကျန်ခဲ့ပြီး ၂၃ ယောက်သေဆုံးသွားတယ်။ အစောပိုင်းသတင်းမှာ သူဟာ ကျောင်းခန်းထဲ ဝင်လာပြီး သူ့သားကို ရှာတယ်။ မတွေ့တော့ တွေ့သမျှ ကလေးတွေအားလုံးကို ဓားနဲ့ ခုတ်တယ်။ သေနတ်နဲ့ပစ်တယ်။ ဆူညံနေတဲ့ ကျောင်းဝင်းထဲက သေနတ်ပစ်သံတွေကို ဗျောက်အိုးဖောက်သံတွေလို့ ပတ်ဝန်းကျင်က ထင်ခဲ့တယ်။

အသက်ရှင်ကျန်ခဲ့တဲ့ မူကြိုဝန်ထမ်းတစ်ဦးရဲ့အဆိုအရ ကျောင်းဝင်းထဲဝင်လာတဲ့ သူ့မျက်လုံးတွေဟာ မူမှန်မဟုတ်ဘူး။ မူးယစ်ဆေးသုံးထားတယ်လို့ ယူဆရပြီး ဂနာမငြိမ်ဖြစ်နေတယ်ဆိုတယ်။ 

မနေ့ကတော့ ထိုင်းဝန်ကြီးချုပ် ပရာယွတ်ကိုယ်တိုင် ဒီနေရာကိုလာပြီး ကလေးမိဘတွေကို နှစ်သိမ့်စကားပြောသွားတယ်။ ရာဇဝတ်မှုကျူးလွန်တဲ့ဖြစ်စဉ်ကိုလည်း အမြန်ဖော်ထုတ်ပေးမယ်လို့ ဆိုတယ်။ ညပိုင်းမှာ ထိုင်းဘုရင်နဲ့ မိဖုရားက ဥထိုင်းဆဝမ်ဆေးရုံကို လာသွားတယ်။ နှစ်သိမ့်စကားလည်း ပြောသွားတယ်။ သေဆုံးသွားတဲ့ ကလေး ၂၃ ဦးအပါအဝင် လူပေါင်း ၃၇ ဦးကို ဒီနေ့ သင်္ဂြိုလ်တယ်။ ကလေးမိဘတွေကတော့ ယူကြုံးမရ ငိုကြွေးကြတာပေါ့။

ဒီဖြစ်ရပ်ဟာ ထိုင်းမှာ ပူပူနွေးနွေးဖြစ်သွားတဲ့  လူအမြောက်အမြား ပစ်ခတ်သတ်ဖြတ်မှုတစ်ခုဆိုပေမယ့် အမေရိကားမှာတော့ မကြာခဏ ဖြစ်တတ်တယ်။ သိပ်မကြာသေးတဲ့ ပြီးခဲ့တဲ့ မေလက တက္ကဆက်ပြည်နယ် အူဗယ်လ်ဒီက မူလတန်းကျောင်းမှာ ၁၉ နှစ်အရွယ် သေနတ်သမားတစ်ဦးလက်ချက်နဲ့ ကျောင်းသား ၁၉ ဦးနဲ့ ဆရာ၂ ဦး ပစ်သတ်ခံခဲ့ရတယ်။ အမေရိကားမှာ ခုလို ပစ်ခတ်မှုမျိုး တစ်နှစ် အကြိမ် ၂၀၀ လောက်ဖြစ်တယ်လို့ မှတ်တမ်းတွေအရ သိရတယ်။

ဘာကြောင့် လူတစ်ယောက်ဟာ ကိုယ်နဲ့ ရန်ငြိုးရန်စလည်းမရှိ၊ ပြဿနာလည်းမရှိ၊ အကြောင်းပြချက်တစ်စုံတရာလည်း မရှိဘဲ အရွယ်မရောက်သေးတဲ့ ကလေးသူငယ်တွေကို ရက်ရက်စက်စက် သတ်ဖြတ်ခဲ့ရတာလဲ။ ဘယ်အရာတွေက ကလေးငယ်တွေကို ခုတ်ထစ်သတ်ဖြတ်ဖို့ တွန်းပို့လိုက်တာလဲ။  

သူဟာ မူးယစ်ဆေးဝါးသုံးစွဲသူတစ်ဦးလို့ ဆိုတယ်။ မူးယစ်ဆေးသုံးစွဲမှုနဲ့ ရဲတပ်ဖွဲ့က ထုတ်ပယ်ထားတဲ့သူလည်း ဖြစ်တယ်။ အပြစ်မဲ့ ကလေးငယ်အမြောက်အမြားကို ရက်ရက်စက်စက် ခုတ်ထစ်သတ်ဖြတ်ဖို့ ဘယ်လိုအရာက သူ့ကို တွန်းပို့လိုက်သလဲ။ 

စိတ်..။ mentals.

သူဟာ မကောင်းဆိုးရွားတစ်ကောင်ရဲ့ ပူးကပ်မှုအောက်ကို ရောက်သွားခဲ့ပုံရတယ်။  သူဟာ သူ မဟုတ်တော့ဘူး။ သူ့စိတ်ကို ပူးဝင်ကပ်လာတဲ့ မကောင်းဆိုးရွားဟာ မူးယစ်ဆေးဝါးက တွန်းပို့လိုက်တာ ဖြစ်နိုင်တယ်။ သာမန်အချိန်မှာ သူဟာ ပုံမှန်အတိုင်း ကျောင်းလာကြိုနေကျလို့ ဆိုပေမဲ့ အဲဒီနေ့ကတော့ သူဟာ သူမဟုတ်တော့ဘူး။ သူ့ ခန္ဓာကိုယ်ထဲ ရူးသွပ်မိုက်မဲတဲ့ သတ္တဝါတစ်ကောင် ဝင်ရောက်သွားခဲ့တယ်။

လူအမြောက်အမြားကို အကြောင်းမဲ့ပစ်ခတ်သတ်ဖြတ်မှုတွေ အမေရိကားနဲ့ အနောက်နိုင်ငံတွေမှာ မကြာခဏ ဖြစ်တယ်။ စာသင်ကျောင်းခန်းထဲ ဝင်ပစ်တယ်။ ဘုရားကျောင်းထဲ ဝင်ပစ်တယ်။ ဘူတာရုံထဲ ဓားနဲ့ လိုက်ခုတ်တယ်။ ပြီးခဲ့တဲ့ လကပဲ ကနေဒါမှာ လူတစ်ယောက် ဓားနဲ့ လိုက်ခုတ်လို့ လူ ၁၂ ယောက်သေသွားတယ်။ ဓားခုတ်သူကိုလည်း အသေဖမ်းမိတယ်။ ဟိုတစ်နှစ်က လာ့စ်ဗီးဂတ်စ်မှာ လူတစ်ယောက် ကြယ်ငါးပွင့်ဟိုတယ် ၁၂ ထပ်ကနေ ဂီတပွဲကျင်းပနေတဲ့ လူအုပ်ထဲ စက်သေနတ်နဲ့ ပစ်လို့ လူငါးဆယ်ကျော်လောက်သေသွားတယ်။ ဒီလူဟာ မူးယစ်ဆေး သုံးစွဲထားသူ မဟုတ်ပေမယ့် ကာလရှည်စိတ်ကျရောဂါခံစားနေရတဲ့ စိတ်မူမမှန်သူ။ အူဗယ်လ်ဒီက မူလတန်းကျောင်းကို ဝင်ပစ်သွားတဲ့ ၁၉ နှစ်သားကရော ဘယ်လို စိတ်ခံစားမှုတွေ ရှိခဲ့သလဲ။ 

" စိတ်" ဟာ ဆန်းကြယ်လှတယ်။

စိတ်က ရူးသွပ်ဖောက်ပြန်သွားချိန်မှာ အဲဒီလူရဲ့ မူလပုံသဏ္ဍာန်တွေဟာ ရုတ်ချည်းပြောင်းလဲသွားတယ်။ အဲဒီလူဟာ အဲဒီလူ အစစ်မဟုတ်တော့ဘူး။ မကောင်းဆိုးရွားတစ်ကောင်က သူ့ကို ပူးကပ် ဝင်စီးထားပြီ။ မူးယစ်ဆေးသုံးစွဲထားတဲ့ ထိုင်းရဲတပ်ကြပ်ဟောင်း ပါညကမ်ရက် ရဲ့ ရူးသွပ်ဖောက်ပြန်သွားတဲ့ စိတ်ဟာ အပြစ်မဲ့ ကလေးငယ် ၂၃ ဦးအပါအဝင် သူကိုယ်တိုင်နဲ့ သူ့ဇနီး သူ့သားအပါအဝင် လူပေါင်း ၃၇ ဦးကို ဓားနဲ့ခုတ်၊ သေနတ်နဲ့ပစ်သတ်စေခဲ့တယ်။ 

CWM

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024