ရန်ကုန်တိုင်း၊ တွံတေးမြို့နယ်၊ မယ်ပြေကျေးရွာမှာ အောက်တိုဘာ ၈ ရက် ည ၈ နာရီ ကျော်လောက်က အမည်မသိလက်နက်ကိုင်တွေက ပစ်ခတ်ခဲ့လို့ လင်မယားနှစ်ယောက် သေဆုံးခဲ့တယ်လို့ မြို့ခံတဦး ပြောပါတယ်။
"သေနတ်သံတွေကတော့ စစ်တပ်နဲ့အပြန်အလှန်ပစ်ကြတယ်ထင်တာ။ ဒီမနက်မှ သိတာက မယ်ပြေမှာ လင်မယား နှစ်ဦးပစ်ခံရတာတဲ့။ ဘာကြောင့်ပစ်သတ်သွားလဲတော့ မသိဘူး"
သေနတ်ကိုင်ဆောင်သူတွေဟာ ကရင်ချောင်းကနေ စက်လှေနဲ့လာကာ မယ်ပြေရွာနေ ဦးထွန်းထွန်း နဲ့ ဇနီးဖြစ်သူကို ပစ်ခတ်ခဲ့တာလို့ ရပ်မိရပ်ဖ တဦးက ပြောပါတယ်။
"ဘာကြောင့်ပစ်လဲတော့ မသိဘူး။ ပွဲချင်းပြီး သေသွားတယ်။ ၆ ရက်နေ့ကလည်း မိကလပ်ရွာမှာ ဒီလိုပဲ သေနတ်တွေနဲ့ ဓားပြတိုက်တာရှိတယ်။ ရွှေတွေရော ပိုက်ဆံတွေရော ပါသွားတယ်။”
ပစ်ခတ်မှုဖြစ်ပြီးနောက် စစ်ကောင်စီတပ်နဲ့ ရဲတွေဟာ ကျေးရွာအတွင်း စစ်ဆေးခဲ့တယ်လို့ သိရပါတယ်။
အခုလို ပစ်ခတ်မှုနဲ့ပတ်သတ်လို့ ဘယ်အဖွဲ့က ဘာကြောင့် ပစ်ခဲ့လဲဆိုတာ သီးခြားအတည် မပြုနိုင်သလို ထုတ်ပြန်ထားတာလဲ မရှိသေးပါဘူး။
ရန်ကုန်တိုင်းက မြို့နယ်တချို့မှာ အောက်တိုဘာ ၁ ရက်မှ ၈ ရက်အတွင်း ပစ်ခတ်မှုနဲ့ ဗုံးပေါက်မှု ၁၅ ကြိမ်ဖြစ်ခဲ့ပြီး ၃ ဦး သေဆုံးကာ ၁၂ ဦးဒဏ်ရာ ရခဲ့ပါတယ်။