စစ်ကိုင်းတိုင်း ကသာခရိုင် ဗန်းမောက်မြို့နယ် စီးမော်ကျေးရွာက နေအိမ်တွေကို အောက်တိုဘာ ၈ ရက် မနက် ၆ နာရီကျော်လောက် စစ်ကောင်စီတပ်ဖွဲ့က ထပ်မံမီးရှို့ဖျက်ဆီးနေကြတယ်လို့ ဒေသခံ တွေက ပြောပါတယ်။
ဒီနေ့မနက် ဒုတိယအကြိမ် မီးရှို့တာဖြစ်သလို အောက်တိုဘာ ၇ ရက်ကလည်း နှစ်ဘက် တိုက်ပွဲ ဖြစ်ပွားခဲ့တာ မရှိဘဲ နေအိမ် ၄ လုံးကို မီးရှို့ခဲ့တယ်လို့ ဒေသခံ တဦးက ပြောပါတယ်။
ဗန်းမောက်မြို့နယ်မှာ အောက်တိုဘာ ၃ ရက်ကနေ ၆ ရက်အထိ စစ်ကောင်စီတပ်နဲ့ KIA ၊ PDF ပူးပေါင်းအဖွဲ့တို့ နေ့စဥ်လိုလို ထိတွေ့တိုက်ပွဲဖြစ်နေပြီး စစ်ကောင်စီဘက်က လေကြောင်းကနေ တိုက်ခိုက်တာကြောင့် ပြည်သူတချို့ ဗုံးထိမှန်သေဆုံးခဲ့သလို နေအိမ်တချို့လည်း မီးလောင်ခဲ့ပါတယ်။
အောက်တိုဘာ ၅ ရက် ညနေပိုင်းက ချောင်းဦးမြို့နယ် ခင်မွန်ကျေးရွာကို ရောက်ရှိလာတဲ့ အင်အား ၁၀၀ လောက်ပါ စစ်ကောင်စီစစ်ကြောင်းဟာ အောက်တိုဘာ ၆ ရက်နဲ့ ၇ ရက် နှစ်ရက်ဆက် နေအိမ်တွေ မီးရှို့ဖျက်ဆီးခဲ့ပြီး ပြည်သူ ၄၀၀ လောက်ကို ဖမ်းဆီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဖမ်းဆီးထားသူ ၄၀၀ လောက်ကို မင်းကျောင်းနဲ့ ချမ်းသာကြီးဘုန်းကြီးကျောင်းတွေမှာ NLD ပါတီဝင်တွေ၊ PDF နဲ့ ပတ်သက်ဆက်နွှယ်သူတွေအကြောင်း ရိုက်နှက်စစ်ဆေးမေးမြန်း တာကြောင့် အောက်တိုဘာ ၇ ရက်က ပြည်သူ ၃ ယောက် သေဆုံးခဲ့တယ်လို့ ခင်မွန်ကျေးရွာမှ ထွက်ပြေးတိမ်းရှောင်လာသူ တဦးက ပြောပါတယ်။
“၃ ယောက်လောက်သေသွားတယ်။ ၄ ယောက်လောက်က အခြေအနေ ပြင်းထန်တယ်။ ယောကျ်ားလေးတွေ အများကြီးပဲ ဖမ်းပြီး နှိပ်စက်ခံနေရတာ။ ဝင်ကတည်းက ပြည်သူ ၁၀၀ လောက် ဖမ်းတယ်။ နောက်ပိုင်းကျ တရွာလုံးကို ခြုံပြီး အကုန်ဖမ်းတာ။ ကျောင်းတွေထဲမှာ အကုန်ဖမ်းပြီးတော့ နေရာတွေ ခွဲထားတာ။ NLD မဲပေးတဲ့ အိမ်တွေကိုလည်း မီးရှို့တယ်။”
ချောင်းဦးမြို့နယ် ကံဇီးကျေးရွာမှာရှိတဲ့ စစ်ကောင်စီတပ်ဖွဲ့နဲ့ ပျူစောထီးအဖွဲ့ကို အောက်တိုဘာ ၇ ရက် မနက်ပိုင်းက ဒေသကာကွယ်ရေးအဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်ခဲ့ရာမှာ အနီးကပ်အပြန်လှန်ပစ်ခတ်မှုဖြစ်ပြီး စစ်ကောင်စီတပ်နဲ့ပျူစောထီးအဖွဲ့ဝင် ၆ ယောက် သေဆုံးခဲ့ တယ်လို့ ဒေသကာကွယ်အဖွဲ့တွေက ဆိုပါတယ်။
ဒေသကာကွယ်ရေးတပ်ဖွဲ့ဖြစ်တဲ့ Aung San Force (A.S.F) မှ တာဝန်ရှိသူတဦးက "မဟာမိတ်တပ်ပေါင်းစုတွေနဲ့ ကံဇီး (ပျူရွာ) ကို တိုက်ခိုက်ခဲ့တာပါ။ သူတို့ဘက်က အင်အား ၄၀ လောက်ရှိတယ်။ ကျမတို့အဖွဲ့အနေနဲ့ကတော့ ဒါနဲ့ဆို ကံဇီး (ပျူရွာ) ဘက်က စစ်ကောင်စီတပ်ဖွဲ့ကို တိုက်ခိုက်တာ ၂ ကြိမ်မြောက်လို့ ပြောလို့ရပါတယ်" လို့ ပြောပါတယ်။
တိုက်ပွဲအတွင်း ချောင်းဦးမြို့နယ် ကင်ပွန်းတော်ပျူစောထီးစခန်းမှ စစ်ကူလာရောက်တဲ့ ပျူစောထီးအဖွဲ့အများပြားလည်း ထိခိုက်ဒဏ်ရာရရှိသွားခဲ့ပြီး ဒေသကာကွယ်ရေးပူးပေါင်းအဖွဲ့ အထိခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့တယ်လို့ သိရပါတယ်။
ဖောင်းပြင်မြို့နယ်၊ သရောင်းကျေးရွာကိုလည်း အောက်တိုဘာ ၇ ရက်မနက်က အင်အား ၅၀ လောက်ပါ စစ်ကောင်စီတပ် ဝင်ရောက်စီးနင်းကာ ရွာခံ လူငယ် ၄ ယောက်ကို ဖမ်းဆီးပြီး နေအိမ် ၄ လုံး မီးရှို့ခဲ့တယ်လို့ ဒေသခံတဦးက ပြောပါတယ်။
“အခု မနက်ပိုင်း ၆ နာရီလောက် ရွာထဲ လာတယ်။ ရွာထဲမှာရှိတဲ့လူငယ် ၄ ဦးကို အိမ်ရှေ့မှာ ဈေးဆိုင် ဖွင့်တဲ့ချိန် ဖမ်းသွားတယ်။ အဲဒါပြီး လူနေအိမ် ၄ လုံးကို မီးရှို့သွားတယ်။”
ဖောင်းပြင်မြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ PDF တွေ ပြီးခဲ့တဲ့ရက်ပိုင်းက တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး ဖောင်းပြင်၊ ဟုမ္မလင်း၊ ခန္တီးနဲ့ ကလေးမြို့နယ်တွေမှာ MPT ဖုန်းလိုင်းတွေ ဖြတ်တောက် ထား တယ်လို့ ဒေသခံတွေက ဆိုပါတယ်။
ကန့်ဘလူမြို့နယ်ထဲက ကိုးတောင်ဘို့တိုက်နယ်၊ ဇော်ချောင်းကျေးရွာကိုလည်း စစ်ကောင်စီတပ်က ၄ ကြိမ်တိုင် မီးရှို့ဖျက်ဆီးခဲ့ရာ အိမ်ခြေ ၂၀၀ ကျော်ရှိတဲ့အနက် ၉ အိမ်ပဲ ကျန်တော့တယ်လို့ ဇော်ချောင်းရွာ ဒေသခံက ပြောပါတယ်။
"မီးရှို့ဖျက်ဆီးခံရတာ ၃ ကြိမ်ရှိပါပြီ။ မနေ့က ၄ ကြိမ်မြောက် မီးရှို့ခံရတာပါ။ ဘာမှမကျန်ဝောာ့ဘူး အိမ် နည်းနည်းပဲကျန်တော့တယ်။"
ဇော်ချောင်းရွာကို မီးရှို့ဖျက်ဆီးပြီးနောက် စစ်ကောင်စီတပ်သားတွေဟာ သင်တောရွာကို လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ် ဝင်ရောက်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
အခုလိုဖြစ်စဉ်တွေနဲ့ပတ်သက်လို့ သီခြားအတည်ပြုနိုင်တာ မရှိသလို စစ်ကောင်စီဘက်ကလည်း ထုတ်ပြန်တာ မတွေ့ရသေးပါဘူး။