ထိုင်း-မြန်မာနယ်စပ် ချင်းရိုင်းခရိုင် မယ်ဆိုင်မြို့နယ်ထဲမှာ မြန်မာဘက်ခြမ်းကဝင်လာတဲ့ စိတ်ကြွဆေးပြား ၉၆,၀၀၀ ကို ဖမ်းဆီးရမိတယ်လို့ မယ်ဆိုင်ဒေသတွင်းသတင်းမှာ ဖော်ပြပါတယ်။
နယ်စပ်လုံခြုံရေးတပ်ဖွဲ့ဝင်တွေဟာ ဒီကနေ့မနက် အစောပိုင်းက မယ်ဆိုင်မြို့နယ် ဟွေ့ခိုက် ကျေးရွာအုပ်စု မယ်မတောလမ်းထဲမှာ လုံခြုံရေးယူနေစဉ် မြန်မာဘက်ခြမ်း တောင်ပေါ်ကနေ ဆင်းလာတဲ့ မသင်္ကာဘွယ် လူ ၂ ယောက်ကို အဝေးကလှမ်းမြင်ရကြောင်း၊ ဒါကြောင့် လူယောင်ပြပြီး စစ်ဆေးဖို့ ရပ်မိန့်ပေးလိုက်ရာမှာ အဆိုပါလူ ၂ ယောက်ဟာ နောက်ကြောင်းပြန် ထွက်ပြေးသွားတယ်လို့ တာဝန်ရှိသူက သတင်းထောက်ကို ပြောပါတယ်။
သူတို့ထွက်ပြေးသွားတဲ့နေရာကို လာရောက်စစ်ဆေးရာမှာ အနွေးထည်အင်္ကျီ၊ ထမင်းထုပ်၊ ရေဘူးနဲ့ အိတ် ၁ လုံးတွေ့ရှိကြောင်း၊ အိတ်ထဲမှာတော့ Y1 အမှတ်တံဆိပ် စိတ်ကြွဆေးပြား ၉၆,၀၀၀ ဖမ်းဆီးရမိတယ်လို့ ဆိုပါတယ်။
အဆိုပါနေရာဟာ မြန်မာနယ်စပ်နဲ့ ၁ ကီလိုသာကွာဝေးပြီး နယ်မြေထဲမှာ လက်လီဖြန့်ဖြူးဖို့ သယ်လာတာ ဖြစ်နိုင်ကြောင်း တာဝန်ရှိသူတွေက ခန့်မှန်းပြောဆိုပါတယ်။