ထိုင်းမြောက်ပိုင်း၊ ချင်းမိုင်ခရိုင်၊ မဲ့အိုင်းမြို့နယ် မြန်မာနယ်စပ်အနီးမှာ အောက်တိုဘာ ၄ ရက် ညပိုင်းက ထိုင်းနယ်စပ်လုံခြုံရေးတပ်ဖွဲ့ဝင်တွေနဲ့ မူးယစ်ဆေးဝါးသယ်ဆောင်သူ ပစ်ခတ်မှုဖြစ်ပွားပြီး စိတ်ကြွမူးယစ်ဆေးပြား ၇၅၆၀၀၀ ကျော်ဖမ်းဆီးရမိတယ်လို့ မယ်ဆိုင်ဒေသတွင်းသတင်းမှာ ဖော်ပြပါတယ်။
ထိုင်းစစ်တပ် အမှတ် ၃ ကွန်မန်ဒိုတပ်ဖွဲ့ဝင်တွေဟာ အဲဒီညပိုင်းက နယ်စပ်လုံခြုံရေး စောင့်ကြည့်နေစဉ် မဲ့ဆောင်ကျေးရွာအုပ်စု ဘန့်နမ်မအိုင့် ကျေးရွာအနီး တောထဲမှာ လူ ၁၀ ယောက်လောက် အထုပ်တွေထမ်းပြီး ဝင်ရောက်လာကြောင်း၊ စစ်ဆေးဖို့ ရပ်မိန့်ပေးလိုက်ရာမှာ တဘက်က တာဝန်ရှိသူတွေဘက်ကို သေနတ်နဲ့ စတင်ပစ်ခတ်ခဲ့လို့ နှစ်ဘက် ၅ မိ နစ်ကြာအပြန်အလှန်ပစ်ခတ်ခဲ့ကြတယ်လို့ တာဝန်ရှိသူမှ သတင်းထောက်တွေကို ပြောပါတယ်။
အသံတွေငြိမ်သွားတဲ့နောက် ထိုင်းတပ်ဖွဲ့ဝင်တွေက အဲဒီပတ်ဝန်းကျင်ကို ပိတ်ဆို့ထားပြီး မနက်မိုးလင်းလို့ နယ်မြေရှင်းလင်းရာမှာတော့ အခင်းဖြစ်ပွါးတဲ့နေရာမှာ မြွေရေခွံအိတ် ၆ လုံး တွေ့ရှိပါတယ်။
အဆိုပါအိပ်ထဲမှာ 999 L နဲ့ Y1 အမှတ်တံဆိပ် စိတ်ကြွဆေးတွေ ထည့်ထားပြီး ၁ အိပ်လျှင် ၁၃၀၀၀၀ ကျော်နဲ့ ၆ အိပ်ထဲကနေ စုစုပေါင်း စိတ်ကြွဆေး ၇၅၆၀၀၀ လောက်ကို ဖမ်းမိတာလို့ ဆိုပါတယ်။
ထိခိုက်ဒဏ်ရာရသူ တယောက်မှမတွေ့ရဘဲ မနေ့ညက မှောင်ရိပ်ခိုပြီး တောထဲကို ထွက်ပြေးလွတ်မြောက်သွားတယ်လို့ ဆိုပါတယ်။
ပစ်ခတ်မှုဖြစ်ခဲ့တဲ့နေရာဟာ မြန်မာနိုင်ငံ မိုင်းဆတ်ခရိုင် နယ်စပ်နဲ့ ၁ ကီလိုသာ ကွာဝေးတယ်လို့ ထိုင်းသတင်းမှာ ဖော်ပြပါတယ်။