စစ်ကိုင်းတိုင်း၊ ဗန်းမောက်မြို့နယ်တောင်ပိုင်း ကျောက်မဲတောင်ခြေမှာ စစ်ကောင်စီတပ်တွေနဲ့ ဒေသခံ KIA နဲ့ PDF ပူးပေါင်းတပ်တွေအကြား တိုက်ပွဲပြင်းထန်ဖြစ်ပွားပြီး စစ်ကောင်စီတပ်က လေကြောင်းကနေ ဂျက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေထံကသိရပါတယ်။
ကျောက်အိုင်၊ ပေပင်နဲ့ တောင်ကြီးရွာနားမှာရှိတဲ့ ကျောက်မဲတောင်ခြေမှာ အောက်တိုဘာ ၄ ရက် မနက် ၉ နာရီလောက်စပြီး အင်းတော်ဘက်ကနေ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေနဲ့ KIA၊PDF၊ ပ.က.ဖ ပူးပေါင်းတပ်ဖွဲ့တွေ တစ်နေ့လုံးတိုက်ပွဲဖြစ်ပွားခဲ့တာမှာ ညနေ ၆ နာရီလောက်မှာတော့ စစ်ကောင်စီလေတပ်က ဂျက်တိုက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေနဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။
“တိုက်ပွဲဖြစ်တဲ့အသံတွေတော့ မနက်ကတည်းကနေ ကြားနေရတယ်။ တစ်နေကုန်နီးပါးပဲ၊ ညနေ ၆ နာရီထိုးခါနီးလောက်ထင်တယ် လေယာဉ်ဝဲပြီး ဗုံးတွေလာကြဲသွားတယ်။ တိုက်ပွဲဖြစ်တဲ့နေရာနားဘက်မှာပဲ။”
လေယာဉ်နဲ့ဗုံးကြဲမှုကြောင့် ကျေးရွာကို ထိခိုက်မှုရှိ မရှိ မသိရသေးဘဲ တိုက်ပွဲဖြစ်ပွားတဲ့နေရာနဲ့နီးတဲ့ ကျေးရွာက ပြည်သူတွေကလည်း ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံတဦးက ပြောပါတယ်။
“မနေ့ကတည်းကနေ စစ်ကြောင်း(စကစ)တက်လာတယ်ကြားတော့ကျေးရွာက ပြည်သူတွေက ကြိုပြီး ထွက်ပြေးတိမ်းရှောင်နေကြပြီ၊ ရွာသုံးရွာလုံးမှာ ဘယ်သူမှမရှိလောက်တော့ဘူး၊ နီးစပ်တဲ့ကျေးရွာတွေကို ပြေးတဲ့သူကပြေးပေါ့။”
စစ်ကောင်စီစစ်ကြောင်းဟာ အင်းတော်ဘက်ကနေ အင်းအား ၁၅၀ ကျော်နဲ့ တက်လာဖြစ်ပြီး ကျောက်မဲတောင်ခြေအရောက်မှာ ထိတွေတိုက်ပွဲဖြစ်ပွားခဲ့တာပါ။
တိုက်ပွဲဖြစ်ပွားတဲ့နေရာနဲ့ နီးတဲ့ ကျောက်အိုင်၊ စီးမော်ရွာ၊ ပေပင်ရွာနဲ့ တောင်ကြီးရွာတွမှာ ခန်းမှန်း အိမ်ခြေ ၁၀၀၀ ကျော် ဝန်းကျင်ရှိတယ်လို့ သိရပါတယ်။
လွန်ခဲ့တဲ့အောက်တိုဘာ ၃ ရက်ကလည်း အင်းတော်မြို့နယ်နဲ့ ဗန်းမောက်မြို့နယ် နယ်စပ်နားက ကျေးရွာနားမှာလည်း စစ်ကောင်စီတပ်ဖွဲ့တွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ တိုက်ပွဲဖြစ်ပွားခဲ့ပါသေးတယ်။