ကချင်ပြည်နယ် မိုးညှင်းမြို့နယ် အင်းတော်ကြီးဒေသမှာ မွေးမြူထားတဲ့ ဝက်တွေ ဆီးချုပ် ဝမ်းချုပ်ရောဂါနဲ့ အများအပြား သေဆုံးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
မိုင်းနောင်ကျေးရွာမှာ အိမ်တွင်း မွေးမြူထားတဲ့ ဝက်တွေဟာ စက်တင်ဘာလကုန်ပိုင်းက စတင်ပြီး ဆီးချုပ်ဝမ်းချုပ်ရောဂါနဲ့ အစုလိုက်သေဆုံးနေတာလို့ ဆိုပါတယ်။
ဒေသခံတဦးက “စဖြစ်တာက စက်တင်ဘာလကုန်ပိုင်းက စဖြစ်တာ။ ဆီးချုပ်ဝမ်းချုပ်ဖြစ်ပြီး ရုတ်တရက် သေဆုံးတာ။ တကောင်သေ လိုက်သေတာပဲ။ သေတဲ့ အကောင်ရေကတော့ အတော်များတယ်” လို့ ပြောပါတယ်။
ဝက်တွေ အများအပြား သေဆုံးတာနဲ့ပတ်သက်ပြီး အဖွဲ့အစည်းအသီးသီးက ကူညီဆောင်ရွက်ပေးနေတာလည်း ခုအချိန်ထိမရှိသေးဘူးလို့လည်း သိရပါတယ်။
“ဝက်တွေက တကောင်ပြီးတကောင် ဆီးချုပ် ဝမ်းချုပ်ဖြစ်ပြီး သေတာ။ ခု လက်ရှိတော့ ဘယ်အဖွဲ့အစည်းကမှ ကူညီတာမရှိသေးပါဘူး။ ကိုယ့်ဘာသာကိုယ် ဆေးဝယ်ပြီး ထိုးရတာပဲ။ ဆေးထိုးလည်း သေတာက များနေတယ်။ ကျနော် သိသလောက် အကောင်ရေ ၃၀ ကျော်လောက် သေပြီးပြီ”လို့ ဒေသခံ နောက်တဦးက ပြောပါတယ်။
မိုင်းနောင်ကျေးရွာမှာ သေဆုံးတဲ့ဝက်တွေကို ပိုင်ရှင်အချို့က မြေမြှုပ်စွန့်ပစ်တာ ရှိသလို အချို့ဝက်ပိုင်ရှင်တွေကလည်း အသားဈေးနူန်း တပိဿာ ငါးထောင်ကျပ်မှ ရှစ်ထောင်ကျပ်အတွင်း ရောင်းချနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။