Home
မြန်မာသတင်း
စစ်ကောင်စီက တိရစ္ဆာန်ကောင်ရေစာရင်း ကောက်ယူမည်
DVB
·
October 27, 2023
Animal Poupluation SAC_27102023
LiveStocks_01_27102023
LiveStocks_02_27102023

လာမယ့် နိုဝင်ဘာ ၁ ရက်နေ့က စတင်ကာ ဒုတိယအကြိမ် တိရစ္ဆာန်ကောင်ရေစာရင်း ကောက်ယူသွားမှာဖြစ်ကြောင်း  စစ်ကောင်စီလက်အောက်ခံ မွေးမြူရေးနဲ့ ကုသရေး ဦးစီးဌာနရုံးက သိရပါတယ်။

အဲဒီလိုကောက်ယူရာမှာ လက်ရှိ စစ်ကောင်စီတပ်တွေနဲ့ တိုက်ပွဲဖြစ်ပွားနေတဲ့ ကယားပြည်နယ် (ကရင်နီ) နဲ့ ချင်းပြည်နယ်တို့ကို ချန်လှပ်ခဲ့ပြီး နေပြည်တော် အပါအဝင် တခြားတိုင်းနဲ့ ပြည်နယ်တွေမှာ ကောက်ယူသွားမှာဖြစ်​တယ်လို့ မွေးမြူရေးနဲ့ ကုသရေးဦးစီးဌာန တာဝန်ရှိသူတဦးက ပြောပါတယ်။

“အဓိက စီးပွားဖြစ်မွေးမြူရေးခြံတွေကို ကောက်တာပါ။ နေပြည်တော် အပါအဝင် တိုင်းနဲ့ ပြည်နယ် ၁၃ ခု၊ မြို့နယ်ပေါင်း ၂၁၅ မြို့နယ်မှာရှိတဲ့ ကျေးရွာအုပ်စု၊ ရပ်ကွက်တွေက ၂၀ ရာခိုင်နှုန်းကို ကောက်ယူမှာပါ။ စီးပွားဖြစ် မွေးမြူရေးခြံ စာရင်းကိုတော့ ရာခိုင်နှုန်းအပြည့် စာရင်းကောက်ယူသွားမှာပါ” လို့ သူကပြောပါတယ်။

မွေးမြူရေးနဲ့ ကုသရေးဦးစီးဌာနရုံး အနေနဲ့ တနိုင်ငံလုံးရှိ တိရစ္ဆာန်ကောင်ရေစာရင်းကို ၂၀၁၈ ခုနှစ်က ပထမဆုံးအကြိမ် ​ကောက်ယူခဲ့ရာမှာ ဒေသနွားကောင်ရေ ၉ သန်းကျော်၊ နို့စားနွား ကောင်ရေ ၁ သိန်းကျော်၊ ကျွဲအကောင်ရေ ၂ သန်းကျော်၊ နွားနောက်ကောင်ရေ ၃ သိန်းကျော်နဲ့ တိရစ္ဆာန်ငယ်တွေဖြစ်တဲ့ ဆိတ်ကောင်ရေ ၁ ဒသမ ၇ သန်း၊ ဝက်ကောင်ရေ ၅ ဒသမ ၇ သန်း၊ မွေးမြူရေးကြက် ၄၄ သန်းကျော်၊ အသားစားကြက်ကောင်ရေ ၁၆ သန်းကျော်နဲ့ ဥစားကြက် ကောင်ရေ ၁၂ သန်းကျော် ရှိခဲ့ကြောင်း ထုတ်ပြန်ထားပါတယ်။

လက်ရှိမှာ စာရင်းကောက်ယူဖို့ မွေးမြူရေးနဲ့ ကုသရေးဦးစီးဌာနက ဝန်ထမ်းတွေကို စာရင်းကောက်ယူရာမှာ အသုံးပြုတဲ့ မေးခွန်းလွှာတွေ အချက်အလက်ဖြည့်စွက်ပုံတွေနဲ့ ပတ်သက်လို့ မြို့နယ်အလိုက် သင်တန်းတွေပေးနေကြောင်းနဲ့ အဲ့ဒီစာရင်းကောက်ယူမှုကို ငါးနှစ်တကြိမ် ပြုလုပ်သွားမှာဖြစ်ကြောင်း မွေးမြူရေးနဲ့ ကုသရေးဦးစီးဌာနရုံးက သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024