စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်၊ ကြက်ရိုးကုန်းရွာနားမှာ ဇန်နဝါရီ ၁၂ ရက် မနက် ၇ နာရီကျော်က တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
အဲဒီနေ့မှာ ပညာရေးစုံညီပွဲလုပ်ဖို့ ပြင်ဆင်နေချိန် စစ်ကြောင်းထိုးလာတာကြောင့် ပွဲမကျင်းပဖြစ်ဘဲ ထွက်ပြေးခဲ့ကြရတယ်လို့ ကြက်ရိုးကုန်းရွာသူက ပြောပါတယ်။
“ဒီလိုမငြိမ်းချမ်းတဲ့ ခေတ်ကြီးလည်း မြန်မြန်ပြီးစေချင်လှပါပြီ။ အထက်လူကြီးတွေအနေနဲ့ ငြိမ်ငြိမ်းချမ်းချမ်းနဲ့ ညှိညှိနှိုင်းနှိုင်းနဲ့ အမြန်ဆုံး ငြိမ်းချမ်းရေး လုပ်စေချင်ပါတယ်။ အခုတော့ ပညာရေးစုံညီပွဲလုပ်ဖို့ ပြင်ထားတဲ့ နေရာကိုပါ စစ်ကောင်စီတပ်တွေက မီးရှို့သွားတာ။”
အဆိုပါစစ်ကြောင်းဟာ ဘုတလင်မြို့ကနေ အင်အား ၅၀ ကျော်နဲ့ မထင်မှတ်ဘဲ စစ်ကြောင်းထိုးလာတာဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့ တိုက်ပွဲဖြစ်နေတယ်လို့လည်း သိရပါတယ်။
စစ်ကောင်စီတပ်နဲ့ ဒေသခံကာကွယ်ရေးတို့ဟာ ကြက်ရိုးကုန်းရွာ ဘုန်းတော်ကြီးကျောင်းနားမှာ တိုက်ပွဲဖြစ်ပွားခဲ့တာဖြစ်ပြီး စစ်တပ်က အကျအဆုံးများစွာနဲ့ ဘုတလင်မြို့ထဲ ပြန်ဝင်သွားပြီလို့ ဒေသခံ ပြည်သူ့ကာကွယ်ရေးအဖွဲ့ ခေါင်းဆောင်တွေက ပြောပါတယ်။
ဘုတလင်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင်တဦးက “ရွာကိုမီးရှို့တာဆိုတော့ လက်ပိုက်ကြည့်မနေနိုင်ဘူး။ အဲဒါကြောင့် တိုက်ပွဲဖြစ်ရတာပါ။ သူတို့ မီးရှို့ပြီး အပြန်လမ်းကနေ စောင့်ပြီး အလစ်ဝင်တိုက်တာ။ မနေ့ညနေ ၆ နာရီက ဘုတလင်မြို့ကို ကင်းလှည့်တဲ့ပုံစံနဲ့ ပထမလုပ်ပြီး ကင်းပုန်းဝပ်တယ်။ ဒီနေ့မနက်ခင်း ၆ နာရီလောက်ကျတော့ မထင်မှတ်ဘဲ စစ်ကြောင်းထိုးလားတယ်” လို့ ပြောပါတယ်။
စစ်တပ် စစ်ကြောင်းထိုးလာတိုင်း ဒေသခံကာကွယ်ရေးတပ်နဲ့ တိုက်ပွဲဖြစ်လေ့ရှိကာ ဒေသခံတွေကတော့ တိုက်ပွဲဖြစ်တိုင်း ထွက်ပြေးကြရတာပါ။
ဇန်နဝါရီ ၈ ရက် မနက် ၁၀ နာရီက မကွေးတိုင်း၊ မင်းတုန်းမြို့နယ်၊ တိုင်းတရွာ မူလတန်းကျောင်းမှာ ပညာရေးစုံညီပွဲတော် ကျင်းပနေချိန် လက်နက်ကိုင်အဖွဲ့တဖွဲ့က ဝင်ရောက်စီးနင်းပြီး Non-CDM ဆရာ၊ ဆရာမတွေ ၁၄ ဦးကို ဖမ်းဆီးခေါ်ဆောင်သွားပြီး ကျပ် သိန်း ၂၀ နဲ့ ပြန်ရွေးခိုင်းခဲ့တယ်လို့ သိရပါတယ်။
မကွေးတိုင်း၊ မြိုင်မြို့မှာတော့ ဇန်နဝါရီ ၁၁ ရက် ညနေက စစ်တပ်စစ်ဆေးရေးဂိတ်တခု တိုက်ခိုက်ခံရပြီး ၂ ယောက် သေဆုံးခဲ့တယ်လို့ မြိုင်မြို့နယ် ပကဖကနေ သိရပါတယ်။
မြိုင်မြို့အထွက်က စစ်တပ်ဂိတ်ကို ဇန်နဝါရီ ၁၁ ရက် ညနေ ၅ နာရီလောက်မှာ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေက သွားရောက်တိုက်ခိုက်ခဲ့တယ်လို့ မြိုင်ပကဖ တပ်ရင်း ၁ တပ်ရင်းမှူး ဗိုလ်လက်ယာက ပြောပါတယ်။
အဲဒီဂိတ်မှာ စစ်ကောင်စီတပ်သားတွေ၊ ရဲတွေနဲ့ ပျူစောထီးတွေ အခိုင်အမာ တပ်စွဲထားတာဖြစ်ပြီး တိုက်ခိုက်မှုအတွင်းမှာ ဘန်ကာထဲမှာရှိတဲ့ ရဲ ၂ ယောက်ကို အသေပစ်ခတ်နိုင်ခဲ့ပြီး ကျန်တဲ့သူတွေကိုလည်း လက်ပစ်ဗုံး ၂ လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။
မြိုင်မြို့ထဲမှာရှိတဲ့ စစ်တပ်က စစ်ကူလိုက်လာတာကြောင့် ရဲဘော်တွေ ထိခိုက်မှုမရှိဘဲ ဆုတ်ခွာခဲ့ကြတယ်လို့ ပြောပါတယ်။
အဲဒီတိုက်ခိုက်မှုကို မြိုင်ပဖက ဗိုလ်မြွေဆိုးအဖွဲ့၊ တပ်ရင်း ၂ တပ်ခွဲ ၃၊ တပ်ခွဲ ၄၊ ပခုက္ကူခရိုင်တပ်ရင်း ၁၇ တို့နဲ့အတူ ပူးပေါင်းတိုက်ခိုက်ခဲ့ကြတာလို့ ဆိုပါတယ်။
မြိုင်မြို့နယ်မှာ ဇန်နဝါရီ ၈ ရက် မနက်ပိုင်းမှာ စစ်ကောင်စီလက်အောက်ခံ ပျူစောထီးတွေ မိုင်းဆွဲတိုက်ခိုက်ခံရပြီး တယောက်သေဆုံးကာ အများအပြား ဒဏ်ရာရရှိခဲ့တယ်လို့ မြိုင်မြို့နယ် ပကဖကနေ သိရပါတယ်။
ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်၊ အင်းတော်ကြီးဒေသ ညောင်ပင်ရွာမှာ တပ်စွဲထားတဲ့ စစ်တပ်စခန်းကို ဇန်နဝါရီ ၁၀ ရက် ညပိုင်းမှာ ကချင်လွတ်မြောက်ရေးတပ် (KIA) နဲ့ PDF ပူးပေါင်းတပ်ဖွဲ့က ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒေသခံတဦးက “ည ၆ နာရီလောက် ဒရုန်းနဲ့ ဗုံးလာကြဲသွားတာ။ ဗုံးကလည်း ၇ လုံး ၈ လုံးလောက် ပေါက်တယ်။ ဒရုန်းကလည်း တစီးတည်းတော့ မဟုတ်လောက်ဘူး။ ဗုံးပေါက်ကွဲတဲ့ အသံတွေလည်း ဆူညံသွားတာပဲ။ တပ်စခန်းထဲဆိုတော့ ထိခိုက်သေဆုံးမှု သေချာမသိရဘူး” လို့ ပြောပါတယ်။
ဖြစ်စဉ်ဖြစ်ပွားပြီးနောက် စစ်တပ်က အင်းတော်ကြီးမြို့နဲ့ ဖားကန့်မြို့၊ ဝှေခါကျေးရွာနဲ့ ညောင်ပင်ကျေးရွာတွေဘက်ကို လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ညောင်ပင်ကျေးရွာမှာ စစ်တပ်နဲ့ ကချင်လွတ်မြောက်ရေးတပ်တို့ စစ်ရေးတင်းမာမှု ဖြစ်လာနိုင်ခြေရှိတဲ့အတွက် စစ်တပ်က ဒေသခံတွေကို ကျေးရွာအတွင်းက တိမ်းရှောင်ခိုင်းထားပြီး ဒေသခံ ၁,၀၀၀ ကျော်ဟာ နန့်မီးလောင်ကျေးရွာ ဘုန်းတော်ကြီးကျောင်းနဲ့ တခြားမြို့ရွာတွေကို နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။