ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုး - နမ္မတူ လမ်းမှာ လက်ရှိ ခရီးသွားတွေ အသုံးပြုနေတဲ့ နားကွမ်း တံတား ဇန်နဝါရီ ၁၁ ရက် ည ၇ နာရီခွဲလောက်မှာ အမည်မသိလက်နက်ကိုင်အဖွဲ့တခုက မိုင်းထောင်ဖောက်ခွဲခဲ့တာကြောင့် ကျိုးကျသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒေသခံအမျိုးသမီးတဦးက "မနေ့ည ၇ နာရီခွဲလို့ သိရတယ်။ အီနိုင်းစျေးကနေ နားကွမ်း၊ နောင်လိုင် ပြန်ထွက်တဲ့ လမ်းပါ။ ဘယ်အဖွဲ့လည်း မသိရပါဘူး" လို့ ပြောပါတယ်။
လိုင်းကားတွေက အဲဒီလမ်းပဲ သွားနေရတာဖြစ်ပြီး နားကွမ်းတံတားက အီနိုင်းတံတား ကျိုးသွားလို့ ကွင်းသွားတဲ့လမ်းလို့ သူက ပြောပါတယ်။
ဒေသခံအမျိုးသားတဦးက "လားရှိုးကနေ ထွက်လာရင် နောင်လိုင် (ကြာကန်ရွာ) ကျော်တာနဲ့ ရွာအဆုံး၊ ညာဘက်ခြမ်း အီနိုင်းတံတားမရောက်ခင် အကွေ့လေးမှာ နားကွမ်းရွာဘက် ပတ်သွားလို့ ရှိရင် အီနိုင်းစျေးဘက် ပြန်ပေါက်တယ်လေ။ အဲဒီကနေ နမ္မတူကို ဆက်သွားလို့ ရတယ်" လို့ ရှင်းပြပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာ ၃၁ ရက်ေန့ ညက အီနိုင်းတံတား ဖောက်ခွဲခံရလို့ ကျိုးကျသွားပြီးနောက် လတ်တလော ခရီးသွားပြည်သူတွေ အဓိက အသုံးပြုနေတဲ့ မူဆယ် - နမ္မတူ - မံစံ - အီနိုင်း - နားကွမ်း - နောင်လိုင် - လားရှိုး လမ်းဖြစ်တယ်လို့ ဆိုပါတယ်။
မြောက်ပိုင်းမဟာမိတ်ပူးပေါင်းအွဲ့ရဲ့ ၁၀၂၇ စစ်ဆင်ရေးကာလအတွင်း ရှမ်းပြည်နယ် မြောက်ပိုင်း က အဓိကသွားလာနေတဲ့ လမ်းမပေါ်က တံတားတွေ ၇ စင်းထက်မနည်း ဖောက်ခွဲ ဖျက်ဆီးခံခဲ့ရလို့ ခရီးစရိတ် ဆယ်ဆနဲ့အထက် များသွားပြီး ပြည်သူလူထုတွေ သွားလာရေး များစွာ အခဲကြုံနေကြရပါတယ်။