ရန်ကုန်တိုင်း၊ တောင်ဥက္ကလာပမြို့နယ်၊ ၁၄ ရပ်ကွက်၊ သံသုမာလမ်းမပေါ်မှာ ဒီကနေ့ ညနေပိုင်းက ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး အမျိုးသားတဦး ဒဏ်ရာရရှိခဲ့တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
ဒီကနေ့ ညနေလေးနာရီက သံသုမာလမ်းမပေါ်မှာ အမျိုးသားတဦးအား လမ်းလျှောက်လာသူတဦးက သေနတ်နဲ့ပစ်ခတ်ခဲ့တာကြောင့် ဒဏ်ရာရရှိခဲ့တာလို့ ရပ်ကွက်နေသူတဦးက ပြောပါတယ်။
"အပစ်ခံရတဲ့သူက တိုက်ရှေမှာရပ်နေတာ။ လမ်းလျှောက်လာတဲ့သူက ခေါင်းကိုပစ်ပြီး ထွက်ပြေးသွားတာ ထိသွားတယ်၊ လူနာတင်ယာဥ်နဲ့သယ်သွားတယ်။"
ပစ်ခတ်ခံရသူ ဘယ်သူဆိုတာနဲ့ ဘာကြောင့် အခုလိုပစ်ခတ်သွားတယ်ဆိုတာ မသိရသေးဘဲ ဒီဗွီဘီက စုံစမ်းမေးမြန်းနေဆဲ ဖြစ်ပါတယ်။
လက်တလောမှာ သံသုမာလမ်းကြီးတလျှောက်မှာ စစ်ကောင်စီတပ်တွေက ကားတွေနဲ့ လမ်းသွားလမ်းလာတွေကို စစ်ဆေးနေတယ်လို့ မြို့ခံတွေက ပြောပါတယ်။
ဒီကနေ့ နေ့လယ်ပိုင်းကလည်း ရွှေပြည်သာမြို့နယ် ၂၆ ရပ်ကွက် အုပ်ချုပ်ရေးမှုးရုံးမှာ ဗုံးပေါက်ကွဲမှုဖြစ်ခဲ့ပြီး အမျိုးသမီးတဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း လှိုင်၊ စမ်းချောင်း၊ လှိုင်သာယာနဲ့ မြောက်ဥက္ကလာပမြို့နယ်တွေမှာ ဗုံးပေါက်ကွဲမှုတွေ ဖြစ်ခဲ့ပါသေးတယ်။