စစ်ကိုင်းတိုင်း၊ မုံရွာ-အမြင့်လမ်းပိုင်းမှာ စစ်ကောင်စီတပ်က အောက်တိုဘာ ၄ ရက် နေ့လယ် ၂ နာရီလောက်က ချိုင့်ကျင်းတွေတူးနေတယ်လို့ မုံရွာဒေသခံတွေက ပြောပါတယ်။
အဲဒီလမ်းဟာ မုံရွာမြို့ ညောင်ပင်ဇောက်ရပ်ကွတ်ကနေ ညောင်ဖြူပင်၊ အမြင့်၊ အမြင့်ကနေ ချောင်းဦး၊ ရေစကြိုသွား လမ်းပိုင်းတခုဖြစ်ပြီး ဘာကြောင့် မြေကျင်းတွေတူးနေတယ် ဆိုတာကိုတော့ သေသေချာချာ မသိရသေးပါဘူး။
မုံရွာမြို့နယ် ညောင်ပင်ဇောက်ရပ်ကွပ်နေသူတဦးက “လာတာကတော့ ဘူဒိုဇာတစီးရယ်၊ စစ်ကားကြီးတစီး၊ အိမ်စီးကားတစီးနဲ့ လာပြီးတူးသွားတာ။ စစ်သားအယောက် ၃၀ လောက်လည်းပါတယ်။ ဘာကြောင့်တူးတာလဲဆိုတော့ ကျနော်တို့အမြင်ကတော့ လမ်းပိုင်းပြင်ဖို့ရာ ဟန်ရေးပြတာ ဖြစ်နိုင်တယ်။ တခြား နိုင်ငံရေးအမြင်၊ စစ်ရေးအမြင်ကတော့ ကျနော်တို့က နားမလည်ဘူး” လို့ ပြောပါတယ်။
အဆိုပါ မုံရွာ-အမြင့်လမ်းဟာ မုံရွာတောင်နယ်နဲ့ ချောင်းဦးမြို့နယ်အတွက် အဓိက အရေးကြီးတဲ့ လမ်းပိုင်းဖြစ်ပြီး မုံရွာမြို့ကို ကုန်စိမ်း၊ ဘုရားပန်းတွေနဲ့ ဒေသတွင်း ထွက်ကုန်တွေ နေ့စဉ်လာရောက်ရောင်းချဖို့ ဒေသခံတွေ အားထားအသုံးပြုနေရတဲ့ လမ်းပိုင်းဖြစ်တယ်လို့လည်း သိရပါတယ်။
မုံရွာမြို့က နိုင်ငံရေးသမား ကိုစိုးဝင်းဆွေကတော့ “ဒီလမ်းပိုင်းကို ချိုင့်ကျင်း စစ်ကောင်စီက အခုလိုတူးရတာက မုံရွာ-အမြင့် ကျေးလက်လမ်းပိုင်းဟာ မုံရွာတောင်အဝင် မအူစစ်ဆေးရေး ဂိတ်ကို ရှောင်ကွင်းနိုင်တဲ့လမ်းဖြစ်နေတာ၊ စစ်ရေးအရှိန်မြင့်တက်လာနေတဲ့ မုံရွာတောင်နယ်ဒေသ ကျေးရွာတွေကို ထိန်းချုပ်ပြီး နယ်မြေရှင်းလင်းရေး လုပ်လိုတာ၊ ပထဝီအရ ဒေသခံ တော်လှန်အင်အားစုများရဲ့ အားသာမှုကို ချေဖျက်လိုတာ စတဲ့အကြောင်းရင်းတွေကြောင့် ဖြစ်နိုင်တယ်” လို့ ပြောပါတယ်။
စစ်ကောင်စီက လမ်းပိုင်းကိုဖျက်ဆီးပြီး ကျင်းတူးသွားတာဟာ အကျယ် ၇ ပေနဲ့ အနက် ၄ ပေခန့်ရှိပြီး အခုလို စစ်ကောင်စီက ဖျက်ဆီးသွားတာကြောင့် ဒေသခံပြည်သူတွေ သွားလာေရး အဆင်မပြေတာကြောင့် ညပိုင်းမှာ ဒေသခံပြည်သူတွေနဲ့ PDF တပ်ဖွဲ့တွေ ပူးပေါင်းကာ အဆိုပါကျင်းတွေကို မြေပြန်ဖို့ပြီး သွားလာလို့ရအောင် ပြန်ပြုပြင်ထားတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
စစ်ကောင်စီတပ်က အခု မုံရွာ-ချောင်းဦး-မြင်းမူလမ်းပိုင်း၊ ချောင်းဦး-ဆင်ဖြူရှင် တံတားလမ်းပိုင်း၊ ချောင်းဦး-အမြင့်လမ်းပိုင်း၊ မုံရွာ-အမြင့်လမ်းပိုင်း၊ တဖက်က ချင်းတွင်းမြစ် အနောက်ဘက် ဆားလင်းကြီးနယ်ကို ပိတ်ဆို့ကာ စစ်ကြောင်းထိုးနေပြီး ပြည်သူ့ကာကွယ်ရေးအဖွဲ့နဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားရင် စစ်ဘေးရှောင်နိုင်ဖို့ အခက်အခဲ ရှိလာမှာကို ကြောက်ရွံ့နေကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။