ကချင်ပြည်နယ် ဖားကန့်မြို့ မျောက်ဖြူကျေးရွာပေါ် လက်နက်ကြီးကျပြီး နေအိမ်တလုံး ပျက်စီး ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
အောက်တိုဘာ ၁ ရက် ည ၁၁ ခွဲက မျောက်ဖြူကျေးရွာနဲ့ ရှရော်ခ ကျေးရွာ အထက်ပိုင်းကျောက်စိမ်းလုပ်ကွက်တခုပေါ် လက်နက်ကြီးတလုံးစီ ကျခဲ့တယ်လို့ ဒေသခံ တဦး က ပြောပါတယ်။
“ကျောက်စိမ်းလုပ်ကွက်မှာ ကျတာက ဘာမှ မဖြစ်သွားဘူး။ မျောက်ဖြူကျေးရွာမှာ ကျတာက အိမ် တအိမ်မှာ ကျတယ်။ အိမ်ပျက်စီးသွားတယ်။ ကား တစီးလည်း ပျက်စီးသွားတယ်။ ကံကောင်းတာက လက်နက်ကြီး ကျတဲ့နေရာက အပြင်ဘက်ခြံစည်းရိုးဘက်ဆိုပေမဲ့ အိမ်ထဲမှာ ရေသန့်တွေ၊ ဆန်အိတ်တွေ ထားထားတော့ ဘန်ကာလိုဖြစ်ပြီး လူအထိအခိုက် မရှိတာဘဲ။ အိမ်ကတော့ လက်နက်ကြီးအစတွေထိမှန်ပြီး အပေါက်တွေ ဖြစ်သွားတာပေါ့။”
အောက်တိုဘာ ၁ ရက် ညကလည်း ဖားကန့်မြို့ထဲ ကျောက်စိမ်းတံတားမှာ စစ်ကောင်စီတပ် တွေက တင်းတင်းကျပ်ကျပ်စစ်ဆေးခဲ့ပြီး မြို့ထဲ သေနတ်ပစ်သံတွေပါ ကြားရတယ်လို့ ဆိုပါတယ်။
အောက်တိုဘာ ၂ ရက် မွန်းတည့် ၁၂ နာရီခွဲကလည်း ဖားကန့် ဗျူဟာကုန်းပေါ်ကနေ လက်နက်ကြီးနဲ့ ၃ ချက် ပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။