ဧရာဝတီတိုင်း ဟင်္သာတမြို့မှာ စက်တင်ဘာ ၂၉ ရက် နေ့လယ်ပိုင်းက အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီရဲ့ ရပ်ကျေး ဥက္ကဋ္ဌ နေအိမ်ကို စစ်ကောင်စီက ချိပ်ပိတ်ခဲ့တယ်လို့ သိရပါတယ်။
တာကလေး ရပ်ကွက် NLD ရပ်ကျေး ဥက္ကဋ္ဌ ဦးမောင်မောင်ဆန်း ရဲ့ နေအိမ်ကို စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေက PDF နဲ့ ချိတ်ဆက်တယ်စွပ်စွဲပြီး လာရောက်ချိပ်ပိတ်ကာ ပစ္စည်းတွေကိုလည်း သိမ်းဆည်းသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
မိသားစုဝင်တွေနဲ့ နီးစပ်သူတဦးက “ဗာဂျီးနီးယား ၆ လမ်းက ရပ်ကျေးဥက္ကဋ္ဌ ကိုမောင်မောင်ဆန်း အိမ် ချိပ်ပိတ်ခံရတာ။ စစ်တပ်၊ ရဲ၊ အုပ်ချုပ်ရေးအဖွဲ့တွေ လာပြီး ချိပ်ပိတ်စာတန်းကပ်သွားတယ်။ အိမ်မှာ နေထိုင်တဲ့ မိသားစုဝင်တွေကိုလည်း အိမ်ပေါ်က ဆင်းခိုင်းတယ်။ ကိုမောင်မောင်ဆန်း ကတော့ အိမ်မှာမရှိတာကြာပြီ” လို့ ပြောပါတယ်။
ကိုမောင်မောင်ဆန်းရဲ့ နေအိမ်မှာ နေထိုင်တဲ့ မိသားစုဝင်တွေကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက နေအိမ်က ဆင်းခိုင်းကာ အသုံးအဆောင်ပစ္စည်းတွေကိုလည်း သိမ်းဆည်းပြီး မည်သူမှ မကျူးကျော်ရ၊ ရောင်းချခြင်းမပြုရ စာကပ်ကာ ချိပ်ပိတ်သွားတာလို့ ဆိုပါတယ်။
ဟင်္သာတမြို့နယ်မှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးအေးမင်းနဲ့ ဦးခင်စိုးတို့ရဲ့ နေအိမ်တွေကိုလည်း စစ်ကောင်စီတပ်က ချိပ်ပိတ်သိမ်းဆည်းခဲ့ပါသေးတယ်။