Home
မြန်မာသတင်း
အေအေကို အခွန်မဆောင်ရန် ပုဏ္ဏားကျွန်း လုပ်ငန်းရှင်များကို စစ်တပ်ခြိမ်း‌ခြောက်
DVB
·
September 30, 2022
309977521_194700856349672_6877591685273111014_n
309590197_194700879683003_7763792042641312772_n

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်က လုပ်ငန်းရှင်တွေနဲ့ ရွှေဆိုင်ပိုင်ရှင်တွေကို စက်တင်ဘာ ၂၉ ရက်နေ့မှာ စစ်ကောင်စီတပ်က ခေါ်ယူပြီး ရက္ခိုင့်တပ်တော် (အေအေ) ကို အခွန်မဆောင်ဖို့ ခြိမ်းခြောက်ခဲ့တယ်လို့ အမည်မဖော်လိုတဲ့ လုပ်ငန်းရှင်တယောက်က ဒီဗွီဘီကို ပြောပါတယ်။

ပုဏ္ဏားကျွန်းမြို့အခြေစိုက် ၅၅၀ တပ်ရင်းက စက်တင်ဘာ ၂၉ ရက်နေ့မှာ လုပ်ငန်းရှင်တွေနဲ့ ရွှေဆိုင်ပိုင်ရှင်တွေကို ခေါ်ယူပြီး ရက္ခိုင့်တပ်တော် (အေအေ) ကို အခွန်မဆောင်ကြဖို့နဲ့ မထောက်ခံကြဖို့ ခြိမ်းခြောက်ပြောဆိုခဲ့တာလို့ ဆိုပါတယ်။

လုပ်ငန်းရှင်တွေအနေနဲ့ ရက္ခိုင့်တပ်တော်နဲ့ ဆက်သွယ်ပြီး အခွန်ဆောင်တာတွေ ပြုလုပ်မယ်ဆိုရင် ပိုင်ဆိုင်မှုတွေကို သိမ်းဆည်းပြီး နေအိမ်တွေ၊ လုပ်ငန်းတွေကိုပါ ချိပ်ပိတ် သိမ်းဆည်းသွားမယ်လို့ ခြိမ်းခြောက်ပြောဆိုခဲ့တယ်လို့ လုပ်ငန်းရှင်တဦးက ပြောပါတယ်။

“ကျနော်တို့ လုပ်ငန်းရှင်တွေကတော့ဗျာ သူတို့ စစ်(...)တွေကိုလည်း ကြောက်ရသလို ရက္ခိုင့်တပ်တော် ဆိုတာကလည်း ကိုယ့်လူမျိုးရဲ့ အားထားရတဲ့ တပ်တော်တခုဆိုတော့ နှစ်ဖက်ကြားထဲမှာ ကြားညပ်တော့တာဖြစ်ပြီး အခြေအနေပေါ်မူတည်ပြီး လုပ်ဆောင်ရမှာ ဖြစ်သလို အသေးစိတ်ကိုတော့ ပြောပြလို့မရဘူး။”

အလားတူ ရခိုင်ပြည်နယ်အတွင်းက မြို့နယ်အတော်များများမှာလည်း သက်ဆိုင်ရာ စစ်ကောင်စီတပ်တွေက ရက္ခိုင့်တပ်တော်ကို အခွန်မဆောင်ကြဖို့ ခေါ်ယူခြိမ်းခြောက်တာတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။

ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် (ULA) ရဲ့ တာဝန်ရှိသူတယောက်က “သူတို့စစ်တပ်ကတော့ လုပ်ငန်းရှင်တွေကို ခြိမ်းခြောက်တာတွေ လုပ်နေတာ ကြာပြီဗျ။ ကျနော်တို့ရဲ့ အုပ်ချုပ်ရေး၊ တရားစီရင်ရေး ကဏ္ဍတွေကိုပါ နည်းမျိုးစုံနဲ့ အနှောင့်အယှက်တွေ ပေးတဲ့အပြင် ပြည်သူလူထုကိုပါ မတရားဖမ်းဆီးတာတွေ ပြုလုပ်နေတာ” လို့ ပြောပါတယ်။

ရခိုင်ပြည်နယ်အတွင်းမှာ စစ်ကောင်စီတပ်တွေနဲ့ ရက္ခိုင့်တပ်တော် (အေအေ) တို့ ပြီးခဲ့တဲ့ သြဂုတ်လအတွင်းကစလို့ တကျော့ပြန်တိုက်ပွဲတွေ ပြန်ဖြစ်ပြီးနောက်ပိုင်း မြို့အတော်များများမှာ စစ်ကောင်စီက ဧည့်စာရင်းစစ်ဆေးတာတွေ၊ ပရဟိတသမားတွေနဲ့ အပြစ်မဲ့ပြည်သူတွေကို မတရား ဖမ်းဆီးတာတွေ၊ ခရီးသည်တင်ယာဥ်တွေနဲ့ ကုန်တင်ယာဥ်တွေ ကုန်းလမ်း၊ ရေလမ်းတွေ အားလုံးကို ပိတ်ဆို့တာတွေ ဆက်တိုက်ပြုလုပ်နေတယ်လို့ သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024