မကွေးတိုင်း၊ မြိုင်မြို့နယ်မှာ စက်တင်ဘာ ၂၉ ရက် ညနေပိုင်းက ပြည်သူ အယောက် ၅၀ ကျော်ကို ဖမ်းခေါ်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ မိုင်းဆွဲတိုက်ခိုက်ခံရပြီး ထိခိုက်သေဆုံးသူ ရှိနိုင်တယ်လို့ မြိုင် ပ.က.ဖ ကနေ သိရပါတယ်။
မြိုင် ပ.က.ဖ တပ်ရင်း-၁ တပ်ရင်းမှူး ဗိုလ်လက်ယာက “မြိုင်မြို့နယ်မှာ ပြည်သူ ၅၀ ကျော်ကို ဖမ်းဆီးပြီး ကျောက်ခွက်ရွာဘက်ကနေ ဖြန့်တက်လာတဲ့ စစ်(...)အင်အား ၁၅၀ လောက်ကို မနေ့ စက်တင်ဘာ ၂၉ ရက် ညနေ ၄ နာရီလောက်မှာ မြိုင် ပ.က.ဖ က ပြည်သူတွေကို ရှောင်ကွင်းကာ တောင်ရိုးနဲ့ ဆင်စိန်ရွာကြားမှာ မိုင်း ၂ လုံးဆွဲပြီး တိုက်ခိုက်ခဲ့တယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။
အဲဒီတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် အရေအတွက် ဘယ်လောက်ထိခိုက် သေဆုံးတယ် ဆိုတာကိုတော့ အတိအကျ အတည်မပြုနိုင်သေးပါဘူး။
မိုင်းဆွဲခံရလို့ စစ်ကောင်စီတပ်ဘက်က ပြန်လည်ပစ်ခတ်ပေမဲ့ မြိုင် ပ.က.ဖဘက်က ရဲဘော်တွေကတော့ အထိအခိုက် အကျအဆုံး မရှိခဲ့ဘူးလို့ ဆိုပါတယ်။
“အဲဒီ စစ်(...)စစ်ကြောင်းဟာ မင်းသားကျ၊ သန်းနုတော၊ ရွာသစ်ကြီး ကျေးရွာတွေဘက်က တောထဲက စစ်ရှောင်တဲတွေက ပြည်သူ ၅၀ ကျော်လောက်ကို ဖမ်းဆီးခေါ်ဆောင်လာကြတာဗျ။ သူတို့က ကျနော်တို့မိုင်းဆွဲမှာကို ကြိုသိပြီး ပြည်သူတွေကို လူသားဒိုင်းအဖြစ် အသုံးပြုတာ။”
မြိုင်မြို့နယ် ကျောက်ခွက်ရွာဘက်ကနေ ထွက်လာတဲ့ စစ်ကောင်စီ စစ်ကြောင်းကိုလည်း စက်တင်ဘာ ၂၆ ရက် နေ့လယ် ၁၂ နာရီလောက်မှာ မြိုင် ပ.က.ဖ က လက်နက်ကြီးတွေ၊ မိုင်းတွေနဲ့ တိုက်ခိုက်ခဲ့လို့ စစ်ကောင်စီတပ်ဘက်က အရာရှိတယောက် အပါအဝင် ၂ ယောက် သေဆုံးခဲ့တယ်လို့ သိရပါတယ်။
အဲဒီမိုင်းဆွဲတိုက်ခိုက်ခံရတဲ့ ဖြစ်စဥ်မှာ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးတဲ့ အခြေအနေကို ဒီဗွီဘီက သီးခြားအတည်မပြုနိုင်သေးသလို စစ်ကောင်စီဘက်ကလည်း သတင်းထုတ်ပြန်ထားတာ မတွေ့ရသေးပါဘူး။
မြိုင်မြို့နယ်မှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF စိုးမိုးထိန်းချုပ်နယ်မြေတွေ များပြားလာလို့ အင်အားအလုံးအရင်း အသုံးပြုပြီး အသည်းအသန် ထိုးစစ်ဆင်ကာ ပြန်လည်ထိန်းချုပ်ဖို့ ကြိုးစားလာသလို ကျေးရွာတွေကို မီးရှို့ဖျက်ဆီးတာတွေ၊ ပြည်သူတွေရဲ့ စားနပ်ရိက္ခာတွေနဲ့ အဖိုးတန်ပစ္စည်းတွေကို ခိုးယူတာတွေ၊ အပြစ်မဲ့ပြည်သူတွေကို ဖမ်းဆီးသတ်ဖြတ်တာတွေ ဆက်တိုက်ပြုလုပ်နေတယ်လို့ သိရပါတယ်။