မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ဘေးကလွဲရွာအဝင်၊ သံဖြူဇရပ်-ရေးကားလမ်းပေါ်မှာ စက်တင်ဘာ ၂၉ ရက် ညနေ ၄ နာရီလောက်က အန်အယ်လ်ဒီပါတီထောက်ခံသူ ဒေသခံ တယောက်ကို စစ်ကောင်စီတပ်က ပစ်ခတ်သတ်ဖြတ် ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဘေးတွဲဆိုင်ကယ် မောင်းနှင်လာတဲ့ မော့ကနင်ကျေးရွာနေ ကိုဝင်းခိုင်ကို သံဖြူဇရပ်-ရေး ကားလမ်းမကြီးဘေးမှာ ကင်းပုန်းဝပ်နေတဲ့ စစ်ကောင်စီတပ်ဖွဲ့က သေနတ်နဲ့ ပစ်ခတ်ခဲ့တာပါ။
သေနတ်နဲ့ ပစ်ခတ်ခံရတာကြောင့် ကိုဝင်းခိုင်မှာ ဦးခေါင်းကျည်ဖောက်ဝင်ဒဏ်ရာ ရရှိပြီး အခင်း ဖြစ်ရာ နေရာမှာပဲ သေဆုံးခဲ့တာပါ။
သံဖြူဇရပ်-ရေးကားလမ်းမပေါ်မှာ သေဆုံးနေတဲ့ ကိုဝင်းခိုင်ရဲ့ ရုပ်အလောင်းကိုတော့ လူမှုကယ်ဆယ်ရေးအဖွဲ့တွေက လာရောက်ကောက်ယူပြီး လမိုင်းဆေးရုံကို ပို့ဆောင်ခဲ့ပါတယ်။
သေဆုံးသွားတဲ့ ကိုဝင်းခိုင်ဟာ ၂၀၂၀ အထွေထွေရွေးကောက်ပွဲတုန်းက မော့ကနင်ကျေးရွာမှာ အန်အယ်လ်ဒီ ပါတီ အောင်နိုင်ရေးအတွက် စည်းရုံးရေး ဆင်းပေးခဲ့သူဖြစ်ပြီး ဘေးတွဲ ဆိုင်ကယ်မောင်းကာ အသက်မွေးဝမ်းကြောင်းနေသူ တယောက်လို့ ဒေသခံတွေက ပြောပါတယ်။
စက်တင်ဘာ ၂၄ ရက်ကလည်း ရေးမြို့နယ် ကလော့ကျေးရွာမှာ စစ်ကောင်စီတပ်က ဒေသခံ ဦးနိုင်ဦးကို ညမထွက်ရအမိန့် ဖောက်ဖျက်လို့ ဆိုပြီး သေနတ်နဲ့ ပစ်ခတ်ခဲ့တာကြောင့် သေဆုံး ခဲ့ပါတယ်။