စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့နယ်၊ ပေါက်ကုန်းရွာထဲကို စစ်ကောင်စီတပ်က စက်တင်ဘာ ၂၉ ရက် မနက် ၁၁ နာရီလောက်မှာ လက်နက်ကြီး ပစ်ခတ်ဝင်ရောက်လာတာကြောင့် အမျိုးသမီး တယောက် ကျည်ထိမှန် သေဆုံးကာ ၃ ယောက် ဒဏ်ရာရသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ထီးချိုင့်ဒေသခံ တဦးက “ရွာထဲမှာလည်း ဘယ် PDF မှ မရှိဘဲနဲ့ကို အခုလို ပစ်ခတ်တာ။ သူတို့လာလို့ ဘုန်းတော်ကြီးကျောင်းထဲမှာ စစ်ရှောင်နေတဲ့ အမျိုးသမီးတဦး ကျည်ထိမှန် သေဆုံးတယ်။ အခုလို ဖြစ်တော့ ရွာသားတွေ အကုန်ထွက်ပြေးရတယ်။ ပြေးရင်း နောက်ထပ် လက်နက်ကြီးနဲ့ ပစ်လို့ ၃ ယောက် ဒဏ်ရာရတာ ရှိတယ်။ အသက်အန္တရာယ်တော့ မစိုးရိမ်ရဘူး” လို့ ပြောပါတယ်။
ထီးချိုင့်မြို့နယ်အတွင်း စစ်ကောင်စီက နယ်မြေရှင်းလင်းရေးကို အကြောင်းပြုပြီး စက်တင်ဘာ ၂၉ မနက်ပိုင်းကနေ စက်တင်ဘာ ၃၀ ရက်အထိ လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတာကြောင့် ကုက္ကိုကုန်း ၊သခွတ်ချောင်၊ တည်တော၊ ပေါက်ကုန်း၊ ကွင်းကြီးစတဲ့ ကျေးရွာက ဒေသခံတွေ နေရပ်စွန့်ခွာ ထွက်ပြေးနေကြရတယ်လို့ သိရပါတယ်။
စစ်ကောင်စီကတော့ လက်ရှိ ပေါက်ကုန်းရွာကနေ သခွတ်ချောင်ရွာဘက်ကို ဆုတ်ခွာနေသလို ဒေသခံပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့ စစ်ရေးအခြေအနေ တင်းမာနေတာကြောင့် ကြောက်ရွံ့ စိုးရိမ်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။