ဒေါ်လာဈေးတွေ ပြန်လည်ကျဆင်းလာပေမဲ့ အခြေခံစားသောက်ကုန်တွေ ဒီနေ့အထိ ပြန်ကျဆင်းလာတာ မရှိသေးဘူးလို့ စားသုံးသူတွေက ပြောပါတယ်။
ဒေါ်လာဈေးတက်တုန်းက လက်လီလက်ကား အရောင်းသမားတွေက အခြေခံစားသောက်ကုန်စျေးတွေ အပြိုင်အဆိုင်တက်ခဲ့ကြပြီး အခု ဒေါ်လာ၊ ရွှေ၊ စက်သုံးဆီစျေးတွေ ပြန်ကျပေမဲ့ လက်ကားလောက်ပဲ အနည်းငယ်ကျဆင်းကာ လက်လီအရောင်းသမားတွေက အတက်စျေးနဲ့သာ ရောင်းချနေတုန်းပဲလို့ မွန်ပြည်နယ်၊ ရေးမြို့နယ်က စားသုံးသူတွေက ပြောပါတယ်။
ထိုင်းပစ္စည်း သယ်ယူတင်သွင်းနေသူတယောက်က “ဒီဘက် မွန်ပြည်နယ်ထဲက ထိုင်းပစ္စည်းတွေ အဓိက အဝင်များတယ်။ မြဝတီနယ်စပ်ဘက်မှာ မငြိမ်မသက်ဖြစ်တော့ ပစ္စည်းက ခါတိုင်းလို အဝင်မများပေမဲ့ အခု ထိုင်းဘတ်ငွေဈေးတွေ ပြန်ကျတော့ ထိုင်းပစ္စည်း လက်ကားဈေးတော့ အနည်းငယ် ပြန်ကျဆင်းသွားတယ်” လို့ ပြောပါတယ်။
အိမ်ရှင်မတဦးက “ထိုင်းကနေ တင်သွင်းလာတဲ့ စားသောက်ကုန်ဖြစ်တဲ့ စားဆီဈေးတွေသာ ထောင်ဂဏန်းကျသွားတယ်။ ပြည်တွင်းထုတ် စားဆီဈေးကတော့ ကျပ်ရာဂဏန်းသာ ကျသွားတယ်။ ဆန်ဈေးလည်း ဒီအတိုင်းပဲ၊ ဈေးမကျတဲ့အပြင် ဈေးပါ ထောင်ဂဏန်းလောက် ပြန်တက်သွားတယ်” လို့ ပြောပါတယ်။
ဝေးလံခေါင်ဖျားတဲ့ နယ်စွန်းနယ်ဖျားဘက်ကတော့ ဒီနေ့အထိ ဈေးကြီးပေး ဝယ်စားနေရသလို အခုလို နယ်မြေမအေးချမ်းဘဲ လမ်းပန်းဆက်သွယ်ရေး ခက်ခဲတဲ့ ဒေသဘက်ကဆို စားစရာ သောက်စရာတွေ ပြတ်လပ်နေတယ်လို့ ကျေးလက်နေ ဒေသခံတယောက်က ပြောပါတယ်။
အာဏာသိမ်းစစ်အုပ်စု ခေါင်းဆောင်ကတော့ စီးပွားရေးတွေ ပြန်လည်ဦးမော့လာအောင်၊ ကုန်စျေးနှုန်းတွေ ပြန်ကျဆင်းသွားအောင် လုပ်ဆောင်သွားမယ်လို့ ပြောဆိုထားပေမဲ့ သိပ်ပြီး ထူးခြားမလာဘဲ စီးပွားရေးသမားတွေမှာ အကျပ်အတည်းတွေနဲ့ ရင်ဆိုင်နေရတုန်းပဲလို့ စီးပွားရေးလုပ်ငန်းရှင်တွေက ပြောပါတယ်။
ကိုဗစ်ကာလကနေ ဒီနေ့အထိ တနိုင်ငံလုံးအတိုင်းအတာနဲ့ စီးပွားရေးလုပ်ငန်းတွေ ပိုမိုရပ်တည်ဖို့ ခက်ခဲလာသလို သာမန်လက်လုပ်လက်စားတွေမှာ အလုပ်လက်မဲ့ပြဿနာနဲ့ ကြုံရပြီး တနေ့တခြား ပြည်ပကို ထွက်ခွာနေကြပါတယ်။