ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ နန်းကွေ့နယ်မြေ-၆ ဥက္ကဋ္ဌဖြစ်သူကို စက်တင်ဘာ ၂၉ ရက် ဒီနေ့မနက်ပိုင်းမှာ စစ်ကောင်စီတပ်သားတွေ ဖမ်းခေါ်သွားတယ်လို့ မိသားစုနဲ့ နီးစပ်သူက ပြောပါတယ်။
“မနေ့ညက စစ်သားတွေ နေအိမ် ၃ အိမ်ကို ဝင်စီးတယ်။ အကြမ်းဖက်သမားမိသားစု ရှိတယ်လို့ သတင်းကြားတယ်ဆိုပြီး ဝင်ရှာတာပါ။ အနီးနားမှာတွေ့တဲ့သူတွေကိုလည်း ရိုက်နှက်ပြီး ပိုက်ဆံတောင်းနေတယ်။ နောင်းပုံမှာ မနေ့ညက ဝင်စီးသွားတဲ့အိမ်ရဲ့ မျက်နှာချင်းဆိုင်က ဦးလေးတယောက်ကိုလည်း ငွေ ၁ သိန်း အတင်းတောင်းလို့ ပေးလိုက်ရတယ်။ သူတို့က လူရှာတာနဲ့မတူဘဲ ဓားပြတိုက်သလို ဖြစ်နေတယ်။ ခု ဥက္ကဋ္ဌ ဖမ်းခေါ်သွားတာက ဧည့်စာရင်းမရောက်လို့ ဖြစ်နိုင်တယ်။”
နန်းကွေ့ဥက္ကဋ္ဌဖြစ်သူဟာ မနေ့ညက စစ်ကောင်စီတပ်သားတွေ ဝင်စီးသွားတဲ့ နေအိမ်တွေကို စစ်ဆေးဖို့ သွားရာလမ်းမှာ အဖမ်းခံရတာဖြစ်ပြီး လက်ရှိအချိန်ထိ အဆက်အသွယ်မရတာကြောင့် မိသားစုဝင်တွေ စိတ်ပူနေကြတယ်လို့ မျက်မြင်တယောက်က ပြောပါတယ်။
မြစ်ကြီးနားမြို့ နန်းကွေ့နယ်မြေ-၆ မှာ စက်တင်ဘာ ၂၄ ရက် ညကလည်း အဘွားအိုတယောက် ရဲ့ နေအိမ်ကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ဝင်စီးခဲ့ပြီး အဘွားအိုကို ဆံပင်ဆွဲကာ မေးမြန်းတာတွေ လုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။
စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ နန်းကွေ့နယ်မြေ-၆ မှာ အခုလအတွင်း အဝင်အထွက် ပြုလုပ်နေပြီး ပိုက်ဆံအတင်းတောင်းတာ၊ တွေ့တဲ့သူတွေကို ရိုက်နှက်တာတွေ လုပ်နေတာကြောင့် ဒေသခံတွေ စိုးရိမ်ထိတ်လန့်နေကြပါတယ်။