ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ် နန်းမားမြို့မှာ ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေကို စစ်ကောင်စီတပ်က ဘူဒိုဇာနဲ့ထိုးပြီး ဖျက်ဆီးဖြိုချခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်ကောင်စီတပ်က အင်အားအလုံးအရင်းနဲ့ လမ်းပိတ်ပြီး PDF ထောက်ပံ့တယ်ဆိုတဲ့ စွပ်စွဲချက်ခဲ့ ဒေသခံပြည်သူတွေရဲ့ နေအိမ်နှစ်လုံးကို ဖြိုချဖျက်ဆီးခဲ့တာလို့ ဆိုပါတယ်။
ဒေသခံအမျိုးသားတယောက်က “စက်တင်ဘာ ၂၈ ရက်နေ့က လက်ပံတန်းရပ်ကွက်မှာ ကိုသန်းစိုး (ခ) ဘကြီးမှုံ့ရဲ့ နေအိမ်နဲ့ စက်တင်ဘာ ၂၉ ရက်နေ့မှာ ညောင်ကုန်းရပ်ကွက်က မဂျိုးရဲ့အိမ်ကို လာပြီး ဘူဒိုဇာနဲ့ဖြိုသွားတာ။ သူတို့ PDF ထောက်ပံ့တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ အင်အားသုံးပြီး ဘူဒိုဇာနဲ့ဖြိုချသွားတာ” လို့ ပြောပါတယ်။
စစ်ကောင်စီတပ် အင်အား ၅၀ ခန့်နဲ့ ဖြိုချဖျက်ဆီးခဲ့တဲ့ နေအိမ်နှစ်လုံးက မိသားစုဝင်တွေဟာ နေအိမ်ကနေ ရှောင်တိမ်းနေတာ တနှစ်ကျော် ကြာမြင့်ပြီဖြစ်ကြောင်းလည်း သူက ဆက်ပြောပါတယ်။
နန်းမားမြို့နယ်အတွင်းမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဒေါ်သက်ထားနှောင်း၊ မေတ္တာလေညင်း လူမှုကူညီရေးအသင်းက ဒေါ်ခင်မာလင်း၊ ပရဟိတလုပ်ငန်းလုပ်ကိုင်တဲ့ ကိုအောင်ဌေးဦးနဲ့ လျှပ်စစ်ရုံးဝန်ထမ်းတွေ အပါအဝင် ဒေသခံပြည်သူ ၁၀ ယောက်ထက်မနည်းကို စစ်ကောင်စီတပ်က ဖမ်းဆီးထားပါတယ်။