ရန်ကုန်မြို့၊ သိမ်ကြီးစျေး၊ မဟာဗန္ဓုလလမ်းနဲ့ ၂၆ လမ်းထိပ်မှာ စက်တင်ဘာ ၂၉ ရက် ညနေပိုင်းက ပစ်ခတ်မှုဖြစ်ခဲ့ပြီး စစ်သားတယောက် သေဆုံးကာ အရပ်သားတယောက် ဒဏ်ရာရရှိခဲ့တယ်လို့ မြို့ခံတွေက ပြောပါတယ်။
ပန်းဘဲတန်းမြို့နယ် ၁ ရပ်ကွက် မဟာသိမ်တော်ကြီးမှာ လုံခြုံရေးယူထားတဲ့ စစ်သားတယောက် အရပ်ဝတ်နဲ့ ဒီနေ့ညနေပိုင်းက ကွမ်းသွားဝယ်စဥ် ကားတစီးပေါ်ကနေ ပစ်ခတ်သွားတာလို့ သိမ်ကြီးစျေးအနီး နေသူတယောက်က ပြောပါတယ်။
“သေနတ်သံကြားလို့ အကုန်လုံး ဆိုင်ထဲပြေးဝင်ကြတာ။ အရပ်ဝတ်နဲ့ စစ်သားကိုပဲ အဓိကထားပစ်တာ။ အဲ့နားမှာဖြတ်သွားတဲ့သူတယောက် ရှပ်ထိသွားတယ်။”
ပစ်ခတ်မှုကြောင့် သေဆုံးတဲ့စစ်သားအား စစ်ဆေးရုံကို ပို့ဆောင်ထားပြီး ဒဏ်ရာရရှိသူကိုတော့ ရန်ကုန်ပြည်သူ့ဆေးရုံကြီး ပို့ဆောင်ထားတယ်လို့ ရပ်ကွက်နေသူတယောက်က ပြောပါတယ်။
ပစ်ခတ်မှုဖြစ်ပြီးနောက် မဟာသိမ်တော်ကြီး အနီးတဝိုက်က လမ်းတွေကို ပိတ်ဆို့လိုက်ပြီး စစ်ကောင်စီတပ်နဲ့ ရဲတွေက စစ်ဆေးခဲ့တယ်လို့ သူကပြောပါတယ်။
ဒီကနေ့ မနက်ပိုင်းကနေ ညနေပိုင်းအထိ ရန်ကုန်တိုင်းရှိ မြို့နယ်သုံးခုမှာ ပစ်ခတ်မှုသုံးကြိမ် ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်သားတယောက်နဲ့ ရာအိမ်မှူးနှစ်ယောက် သေဆုံးပြီး နှစ်ယောက် ဒဏ်ရာရရှိခဲ့ပါတယ်။
ရန်ကုန်တိုင်းရှိ မြို့နယ်တချို့မှာ စက်တင်ဘာ ၁ ရက်မှ စက်တင်ဘာ ၂၉ ရက်အထိ ဗုံးပေါက်ကွဲမှုနဲ့ ပစ်ခတ်မှု ၄၃ ကြိမ်ဖြစ်ခဲ့ပြီး စစ်မှုထမ်းဟောင်း ဗိုလ်ချုပ်အုန်းသွင်(ငြိမ်း) အပါအဝင် ၁၃ ယောက် သေဆုံးကာ ၂၅ ယောက် ဒဏ်ရာရရှိခဲ့ပါတယ်။