ရန်ကုန်မြို့၊ မြောက်ဒဂုံမြို့နယ်၊ ၃၂ ရပ်ကွက်မှာ ဒီနေ့ စက်တင်ဘာ ၂၉ ရက် နေ့လယ်ပိုင်းက ရာအိမ်မှူးတယောက် သေနတ်နဲ့ပစ်ခတ်ခံရပြီး သေဆုံးသွားတယ်လို့ ရပ်ကွက်နေသူ တယောက်က ပြောပါတယ်။
ရပ်ကွက်ထဲ ဆိုင်ကယ်နဲ့ပတ်ပြီး သွားလာနေတဲ့ ၃၂ ရပ်ကွက် ရာအိမ်မှူး ဦးဌေးအောင်ကို ဒီကနေ့ နေ့လယ် ၁၂ နာရီခွဲက အမည်မသိ ဆိုင်ကယ်စီးလာသူတွေက သေနတ်နဲ့ပစ်ခတ်ခဲ့လို့ သေဆုံးခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။
“ပစ်သွားတဲ့သူကလည်း သူ့အနောက်ကနေ ဆိုင်ကယ်နဲ့လိုက်လာတာ။ ငါးချက်ပစ်သွားတာ၊ သုံးချက်မှန်တယ်၊ ချက်ချင်းမသေဘူး၊ ဆေးရုံကိုပို့ဖို့လုပ်နေတုန်း သေသွားတာ။”
ပစ်ခတ်မှုဖြစ်ပြီးနောက် စစ်ကောင်စီတပ်နဲ့ ရဲတွေဟာ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးမှာ လုံခြုံရေးယူထားပြီး ပစ်ခတ်မှုဖြစ်ရာ ရွှေပြည်သာဖြတ်လမ်းကို စစ်ဆေးတာတွေ ပြုလုပ်နေတယ်လို့ ရပ်ကွက်နေသူတွေဆီက သိရပါတယ်။
ဒီကနေ့ မနက်ပိုင်းကလည်း တောင်ဒဂုံမြို့နယ် ၂၅ ရပ်ကွက်မှာ ပစ်ခတ်မှုဖြစ်ပြီး ရာအိမ်မှူးတယောက် သေဆုံးကာ အမျိုးသမီးတယောက် ဒဏ်ရာရရှိခဲ့ပါတယ်။
ရန်ကုန်တိုင်းရှိ မြို့နယ်တချို့မှာ စက်တင်ဘာ ၁ ရက်မှ ၂၉ ရက်အထိ ဗုံးပေါက်ကွဲမှုနဲ့ ပစ်ခတ်မှု ၄၂ ကြိမ်ဖြစ်ခဲ့ပြီး ၁၂ ယောက် သေဆုံးကာ ၂၅ ယောက် ဒဏ်ရာရရှိခဲ့ပါတယ်။