မန္တလေးမြို့၊ အမရပူရမြို့နယ်၊ မြစ်ငယ်တံတားအနီးမှာ စက်တင်ဘာ ၂၉ ရက် မနက်ပိုင်းက နိုင်ငံရေးအကျဉ်းသားတွေ တင်ဆောင်လာတဲ့ အချုပ်ကားကို မဟာမိတ် မြို့ပြပြောက်ကျား အဖွဲ့တွေက တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
တိုက်ခိုက်မှုမှာ စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့ဝင် ၂ ယောက် နေရာမှာတင် သေဆုံးခဲ့ပြီး အကျဉ်းသား ၁ ေယာက် ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ Truth Keeping Force - Amarapura က ထုတ်ပြန်ထားပါတယ်။
အမရပူရမြို့နယ်နေ ပြည်သူတယောက်က “ပထမတော့ အချုပ်သားတွေက ရဲကိုချပြီး ထွက်ပြေးတယ်ဆိုပြီး ကြားတာ။ သေချာစုံစမ်းကြည့်မှ မြို့ပြပြောက်ကျားတွေက လုပ်တာဆိုတာ သိတာ။ မနက်ကတော့ မြစ်ငယ်စက်ကွေ့နားမှာ အစစ်အဆေးတွေရှိတယ်” လို့ ပြောပါတယ်။
အကျည်းသား ၈ ယောက် ထွက်ပြေးခဲ့ပေမဲ့ ၆ ယောက် ပြန်ဖမ်းဆီးခံလိုက်ရပြီး ၂ ယောက် လွတ်မြောက်ခဲ့ကာ လုံခြုံရာကို ပို့ဆောင်ပြီးဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။