ရခိုင်ပြည်နယ်၊ မြေပုံမြို့နယ်၊ ငပသုန်တိုက်နယ် ဆရာဝန်ကို ဆေးဝါးတွေ တင်ဆောင်လာလို့ဆိုပြီး စက်တင်ဘာ ၂၆ ရက်မှာ စစ်ကောင်စီတပ်က ခေါ်ယူထိန်းသိမ်းထားပါတယ်။
စစ်တွေမြို့ကနေ ငပသုန်ရွာဘက်ကို စက်တင်ဘာ ၂၅ ရက်မှာ ထွက်ခွာလာတဲ့ လိုင်းဘုတ်စက်လှေကို ပေါက်တောမြို့နယ် နဖူးရွာနားမှာ စစ်ကောင်စီရေတပ်က စစ်ဆေးရာ စက်လှေပေါ်မှာပါတဲ့ ဆေးဝါးတွေကို တွေ့ရှိသွားလို့ မေးမြန်းရာမှာ တိုက်နယ်ဆရာဝန် ဒေါက်တာဝင်းနိုင်စိုးရဲ့ ပစ္စည်းတွေလို့ ပြန်ဖြေခဲ့ကြောင်း စက်လှေပေါ်မှာ လိုက်ပါလာတဲ့ ငပသုန်ရွာခံတယောက်က ဒီဗွီဘီကို ပြောပါတယ်။
အဲဒီနောက် ရေတပ်က စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဒေါက်တာဝင်နိုင်စိုးကို ဖုန်းဆက်ပြီး မေးမြန်းရာ သူ့ပစ္စည်းတွေ မှန်ကန်ကြောင်း ဖြေဆိုခဲ့တာကြောင့် စက်တင်ဘာ ၂၆ ရက်မှာ စစ်တွေမြို့ကို ခေါ်ယူတဲ့အတွက် သွားရောက်ရာကနေ ဒီနေ့ စက်တင်ဘာ ၂၉ ရက်အထိ ပြန်မလွှတ်သေးဘဲ ထိန်းသိမ်းခံထားရတာလို့ ဆိုပါတယ်။
အမည်မဖော်လိုတဲ့ ကျန်းမာရေးဝန်ထမ်းတယောက်က “စစ်ကောင်စီဘက်က အခုလိုသာ တားမြစ်နေမယ်ဆိုရင် ပြည်သူလူထုအတွက် ဆေးဝါးအခက်အခဲတွေ ဆိုးဆိုးရွားရွား ဖြစ်လာနိုင်တယ်။ သူတို့က စစ်ဗျူဟာပိုင်းအရ လုပ်ဆောင်နေတာဖြစ်ပြီး နောက်ပိုင်းမှာ ဆေးရုံဆေးခန်းတွေမှာပါ ဆေးဝါးတွေ ပြတ်တောက်သွားတဲ့ အခြေအနေမျိုးတွေ ရင်ဆိုင်ကြရမှာ” လို့ ပြောပါတယ်။
ရခိုင်ပြည်နယ်အတွင်းမှာ စစ်ကောင်စီတပ်တွေနဲ့ ရက္ခိုင်တပ်တော် (အေအေ) တို့ တကျော့ပြန်တိုက်ပွဲတွေ ပြန်ဖြစ်ပြီးနောက်ပိုင်း မြို့အများအပြားမှာ စစ်ကောင်စီက ဧည့်စာရင်း စစ်ဆေးတာတွေ၊ ပရဟိတသမားတွေနဲ့ အပြစ်မဲ့ပြည်သူတွေကို မတရား ဖမ်းဆီးတာတွေ၊ ခရီးသည်တင်ယာဥ်တွေနဲ့ ကုန်တင်ယာဥ်တွေ ကုန်းလမ်း၊ ရေလမ်းတွေ အားလုံးကို ပိတ်ဆို့တာတွေ ဆက်တိုက်ပြုလုပ်နေပါတယ်။