မော်ဒယ်သရုပ်ဆောင် နန်းမွေစံကို အင်းစိန်အကျဥ်းထောင်ရှိ စစ်ခုံရုံးကနေ စက်တင်ဘာ ၂၇ ရက် ဒီကနေ့ မနက်ပိုင်းက အီလက်ထရောနစ်ဥပဒေပုဒ်မ ၃၃ (က) နဲ့ ထောင်ဒဏ် ၆ နှစ်ချမှတ်လိုက်တယ်လို့ ရှေ့နေအသိုင်းအဝိုင်းက ပြောပါတယ်။
အင်းစိန်အကျဥ်းထောင် အထူးတရားရုံးရှိ စစ်ခုံရုံးကနေ ဒီကနေ့ မနက် ၁၁ နာရီက မော်ဒယ်သရုပ်ဆောင် နန်းမွေစံကို ထောင်ဒဏ် ၆ နှစ်ချမှတ်ခဲ့တာလို့ ဒီအမှုနဲ့ နီးစပ်တဲ့ ရှေ့နေတဦးက ဒီဗွီဘီကို ပြောပါတယ်။
"သင်ဇာဝင့်ကျော်ရော၊ နန်းမွေစံရောက ရုံးထုတ်တာလည်းတူတယ်၊ ပုဒ်မလည်းတူတယ်။ ဒါပေမဲ့ နန်းမွေစံက စစ်အုပ်ချုပ်ရေးမှာပါတဲ့ မြို့နယ်ဆိုတော့ စစ်ခုံရုံးက စစ်တာ အမိန့်ချတာ မြန်တယ်။"
သရုပ်ဆောင် သင်ဇာဝင့်ကျော်နဲ့ နန်းမွေစံတို့နှစ်ဦးကို စက်တင်ဘာ ၁၄ ရက်က မြောက်ဒဂုံမြို့နယ်နဲ့ မရမ်းကုန်းမြို့နယ်တရားရုံးမှာ ပုဒ်မ ၃၃ (က) နဲ့ ရုံးထုတ်စစ်ဆေးခဲ့တာဖြစ်ပါတယ်။
သရုပ်ဆောင်သင်ဇာဝင့်ကျော်ကို မရမ်းကုန်းမြို့နယ်တရားရုံးမှာ စက်တင်ဘာ ၁၄ ရက်နေ့က ရုံးထုတ်ပြီး ၂၁ ရက်နေ့မှာ အမှုကိုစွဲချက်တင်ခဲ့တာလို့ တရားလွှတ်တော်ရှေ့နေတဦးက ဒီဗွီဘီကို ပြောပါတယ်။
"သင်ဇာဝင့်ကျော်က စွဲချက်တင်တုန်းဆိုတော့ တရားရုံးမှာစစ်ဆေးဦးမှာ၊ အမိန့်မချသေးဘူး၊ ကြာဦးမှာ။"
သူတို့နှစ်ဦးကို ပြီးခဲ့တဲ့ သြဂုတ် ၅ ရက်မှာ စစ်ကောင်စီတပ်တွေက ဖမ်းဆီးခဲ့ပြီး အီလက်ထရောနစ်ဆက်သွယ်ရေးဥပဒေပုဒ်မ ၃၃(က) နဲ့ အမှုဖွင့်လှစ်ကာ အင်းစိန်းအကျဥ်းထောင်မှာ စစ်ဆေးခဲ့ပြီး ရုံးတင်တရားစွဲဆိုခဲ့တာပါ။
အီလက်ထရောနစ်ဥပဒေပုဒ်မ ၃၃ (က) မှာ ပြစ်မှုထင်ရှားပါက အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၇ နှစ် ချမှတ်ခံရမှာ ဖြစ်ပါတယ်။