ထိုင်းအရှေ့ပိုင်း၊ လယောင်းခရိုင်ထဲမှာ မြန်မာရေလုပ်သား ၆ ဦးပါတဲ့ ထိုင်းငါးဖမ်းလှေတစ်စီး ပင်လယ်ထဲ နစ်မြုပ်သွားတယ်လို့ ထိုင်းသတင်းတွေမှာဖော်ပြပါတယ်။
လယောင်းမြို့ ဘန့်ဖေးဆိပ်ကမ်းနဲ့ ရေလမ်းခရီး ၇ မိုင်အကွာ ကော်ကျန့်ကျွန်းနားမှာ ငါးဖမ်းလှေတစ်စီး နစ်မြုပ်သွားတယ်လို့ လှေပိုင်ရှင်က မနေ့ညက ဆက်သွယ်အကူအညီတောင်းလာတာကြောင့် ကယ်ဆယ်ရေးလှေနဲ့တကွ အနီးနားတဝိုက်ရှိ တခြားငါးဖမ်းလှေတွေနဲ့အတူ သွားရောက်ကယ်တင်ခဲ့တာဖြစ်ပါတယ်။
ရေထဲခေါင်းဖော်ပြီးကူးခတ်နေတဲ့ လှေသားတွေကို ကယ်တင်ရာမှာ စက်တင်ဘာ ၂၇ ရက် မနက် ၁ နာရီကျော်မှာ ၇ ဦးကို ကယ်တင်နိုင်ခဲ့တယ်လို့ ရေကြောင်းကယ်ဆယ်ရေးအဖွဲ့က ပြောပါတယ်။
အဆိုပါ ၇ ဦးအနက် ၆ ဦးမှာ မြန်မာရေလုပ်သားတွေဖြစ်ပြီး ၁ ဦးကတော့ ဗီယက်နမ်နိုင်ငံသားဖြစ် ကြောင်း သူတို့အားလုံး တညလုံးရေကူးထားရလို့ နွမ်းလျနုံးခွေနေကြပြီး လယောင်းဆေးရုံကို ပို့ဆောင်ထားကာ အသက်အန္တရာယ်မစိုးရိမ်ရတော့ဘူးလို့ ဆိုပါတယ်။
ဒါပေမဲ့လည်း အသက် ၅၆ နှစ်ရွယ်ရှိ နိုင်းအနုဆဒ်ချေ့ခုံးမန့်ဆိုသူ ထိုင်းလူမျိုး လှေသူကြီးကတော့ ပျောက်ဆုံးနေဆဲဖြစ်ပြီး ဒီကနေ့ မနက် ၅ နာရီခွဲမှာ ကယ်ဆယ်ရေးလှေအပါအဝင် လှေပေါင်း ၁၇ စီးနဲ့ လိုက်လံရှာဖွေနေကြောင်း ပင်လယ်ထဲမှာ လှိုင်းထန်လွန်းတဲ့အတွက် ရှာဖွေရေး လုပ်ငန်းအခက်အခဲဖြစ်နေကြောင်း ကယ်ဆယ်ရေးအဖွဲ့က ပြောပါတယ် ။
အသက်ဘေးမှလွတ်မြောက်လာသူ မြန်မာလုပ်သား ၁ ဦးပြောပြချက်အရ မနေ့က ငါးဖမ်း ထွက်စဉ် ပင်လယ်ပြင်မှာ လှိုင်းထန်လာကြောင်း ၊ ခဏအကြာ အလွန်ကြီးမားတဲ့ လှိုင်းလုံးကြီးက သူတို့လှေကို ပုတ်ထုတ်လိုက်ပြီး လှေလည်းနစ်သွားကြောင်း၊ အကုန်လှေထဲကထွက်ပြီး ပင် လယ်ထဲကူးခတ်ကာ အသက်မရှင်နိုင်တော့ဘူးလို့ တွေးနေစဉ်မှာ ကယ်ဆယ်ရေးလှေတွေ ရောက် လာလို့အရမ်းဝမ်းသာသွားကြောင်းနဲ့ ကယ်ဆယ်ရေးအဖွဲ့အားလုံးကိုကျေးဇူးတင်ကြောင်း ပြောပါတယ်။
လှေသူကြီးကတော့ လှေထဲကနေအချိန်မီထွက်မလာနိုင်လို့ လှေနဲ့အတူနစ်မြုပ်သွားပြီလို့ ယူဆ ကြောင်း ရေလုပ်သားက ပြောပါတယ်။
Ref- Matichon/Khaosod