အိန္ဒိယ-မြန်မာ နယ်စပ်၊ စစ်ကိုင်းတိုင်း၊ တမူးမြို့အဝင်မှာ စစ်ကောင်စီတပ်နဲ့ ဒေသခံ မဟာမိတ်ပူးပေါင်းတပ်ဖွဲ့တွေ ဒီနေ့ စက်တင်ဘာ ၂၆ ရက် မနက်ပိုင်းက တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
“စစ်ကောင်စီတပ်သားတွေ တက်လာတာ မြင်ရတယ်။ လက်နက်ကြီးနဲ့ ရမ်းထုပြီး တက်လာတာ။ ပြီးမှ ထိတွေ့တိုက်ပွဲဖြစ်တာ၊ တိုက်ပွဲဖြစ်ပွားချိန်က မိနစ် ၂၀ လောက် ကြာတယ်။ ထိခိုက်ကျဆုံးမှု အခြေအနေကိုတော့ မသိခဲ့ဘူး။ ကျနော်တို့ဘက်တော့ ထိခိုက်ကျဆုံးမှု မရှိဘူး” လို့ တမူး PDF ရဲဘော်တယောက်က ပြောပါတယ်။
အဲဒီတိုက်ပွဲအပြီးမှာ စစ်ကောင်စီတပ်သားတွေက Denko ဆီဆိုင် အနောက်ဘက်ခြမ်းက ပြည်သူ့နေအိမ်တအိမ်နဲ့ ဆိုင်တဆိုင်ကို မီးရှို့ဖျက်ဆီးသွားတယ်လို့ ဆိုပါတယ်။
ထိတွေ့တိုက်ပွဲတွေ ဖြစ်ပွားနေချိန်မှာ ဒေသခံခရီးသွားပြည်သူတွေ ဖြတ်သန်းသွားလာနေတာကို မြင်တွေ့ရတာကြောင့် စစ်ကောင်စီတပ်က ပြည်သူတွေကို လူသားဒိုင်းကာအဖြစ် အသုံးချလာနိုင်တဲ့အတွက် လတ်တလောမှာ တမူး-ကလေး ကားလမ်းကို ဖြတ်သန်းသွားလာတာ မလုပ်ကြဖို့ တမူး PDF က မေတ္တာရပ်ခံထားပါတယ်။