Home
မြန်မာသတင်း
မင်းပြားမြို့နယ်၌ စစ်ရေယာဥ်တိုက်ခိုက်ခံရပြီးနောက် လေကြောင်းတိုက်ခိုက်မှုကြောင့် ပြည်သူ ၂ ဦး သေဆုံး
DVB
·
September 26, 2022
Min Byar SAC airt strike
306961707_193991656420592_1271142908475212459_n
306557629_193991679753923_4514038714155454677_n
306733588_193989199754171_5533671262391615555_n

ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်မှာ စက်တင်ဘာ ၂၆ ရက် ဒီနေ့မနက်က စစ်တွေမြို့ကနေ ထွက်လာတဲ့ စစ်ရေယာဥ် ၂ စီးကို ရက္ခိုင့်တပ်တော်(အေအေ)က တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်ကလည်း လေကြောင်းတိုက်ခိုက်ခဲ့လို့  ပြည်သူ ၂ ယောက် သေဆုံးပြီး ၃ ယောက် ဒဏ်ရာရသွားပါတယ်။

မင်းပြားမြို့နယ် ခေါင်းလောင်းချောင်းရွာနားမှာ  ဒီနေ့မနက်ပိုင်း စစ်တွေမြို့က ထွက်လာတတဲ့ စစ်ရေယာဥ် ၂ စီးကို မနက် ၁၀ နာရီ ၂၂ မိနစ်မှာ ရက္ခိုင့်တပ်တော်က ပစ်ခတ်တိုက်ခိုက်လို့ နှစ်ဘက်တိုက်ပွဲ အပြင်းထန်ဖြစ်ပွားခဲ့တာလို့ အေအေတပ်ဖွဲ့နဲ့ နီးစပ်သူ တယောက်က ပြောပါတယ်။

“စစ်ကောင်စီဘက်က အဲဒီသင်္ဘော နှစ်စီးနောက်မှာ ရဟတ်ယာဥ် တစ်စီးနောက်ကနေ ကပ်ပါလာတာဗျ။ သူတို့ဘက်က လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်ပြီး နောက်ထပ်လည်း ရဟတ်ယာဥ်တစ်စီး စုစုပေါင်း နှစ်စီးနဲ့ လေကြောင်းကနေ ပစ်ခတ်တိုက်ခိုက်တာကြောင့် ခေါင်လောင်းချောင်းကျေးရွာက ပြည်သူ နှစ်ယောက် သေဆုံးသွားတယ်၊ သုံးယောက် ဒဏ်ရာရှိတဲ့အထဲ တယောက်ကတော့ ဒဏ်ရာ ပြင်းထန်တယ်။”

အေအေဘက်က လက်နက်ကြီးနဲ့ ပစ်ခတ်လိုက်လို့ စစ်သင်္ဘောတစီး လက်နက်ကြီး ထိမှန်ကာ မီးခိုးတွေအူထွက်နေပြီး နစ်မြုပ်တာမရှိဘဲ မင်းပြားဘက်ကို တရွေ့ရွေ့ လာနေတယ်လို့  ရက္ခိုင့်တပ်တော်နဲ့ နီးစပ်သူက ပြောပါတယ်။

တိုက်ပွဲတွေကတော့ ဆက်လက်ဖြစ်ပွားနေပြီး စစ်ကောင်စီဘက်က ကြည်း၊ ရေ ၊ လေ သုံးခုလုံးနဲ့ တိုက်ခိုက်နေတာပါ။ လက်နက်ကြီးတွေနဲ့လည်း  အဆက်မပြတ် ပစ်ခတ်တာကြောင့် သတ်ပုံး၊ ချောင်းရှည်၊ ခေါင်းလောင်းချောင်း၊ ဗလိပေါက်နဲ့ ကျွဲရှည်ပြင် ကျေးရွာတွေက ဒေသခံပြည်သူတွေ ဘေးလွတ်ရာနေရာတွေမှာ ထွက်ပြေး ပုန်းခိုနေကြရပါတယ်။

အဲဒီတိုက်ပွဲ အတွင်းမှာ နှစ်ဖက်ထိခိုက်ကျဆုံးတဲ့ အခြေအနေကိုတော့ စစ်ကောင်စီဘက်ကလည်း မထုတ်ပြန်သေးသလို ရက္ခိုင့်တပ်တော် AA ဘက်ကလည်း မထုတ်ပြန်သေးပါဘူး။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024