ရခိုင်ပြည်နယ်၊ မောင်တောမြို့ပေါ်ရပ်ကွက်တွေနဲ့ ကျေးရွာတွေမှာ စက်တင်ဘာ ၂၄ ရက်ညပိုင်းက စစ်ကောင်စီတပ်တွေက သတင်းရထားတဲ့ နေအိမ်တွေကို အရေးပေါ် ဝင်ရောက် စစ်ဆေးခဲ့တယ်လို့ ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေထံက သိရပါတယ်။
ရပ်ကျေးအုပ်ချုပ်ရေးမှူးတဦးက " သူတို့ ရထားတဲ့ သတင်းအချက်လက်တွေရှိနေတဲ့ နေအိမ်တွေကို သီးသန့် စစ်ဆေးသွားမယ်လို့ သိရတယ်။ ဘယ်ရပ်ကွက်တွေက ဘယ်နေအိမ်တွေလည်း ဆိုတာတော့ မသိရဘူး။ လက်ရှိမှာတော ကျေးရွာတချို့က နေအိမ်တွေကို စစ်အင်အားအပြည့်နဲ့ စစ်ဆေးနေတယ်။"လို့ ပြောပါတယ်။
မောင်တောမြို့နယ် တောင်ပိုင်း၊ မြောင်ပိုင်းရှိ ကျေးရွာတွေအားလုံးမှာ စစ်ဆေးဖို့ စစ်ကောင်စီက ညွှန်ကြားထားတာဖြစ်လို့ ရွာသားတွေ စိုးရိမ်နေကြတယ်လို့ ဒေသတွေကပြောပါတယ်။
မောင်တော ဒေသခံတဦးက "မောင်တောအခြေနေကစိုးရိမ်စရာပါ။ ကုန်းလမ်းရေလမ်းတွေလည်း ပိတ်ထားလို စားဝတ်နေရေး အခက်အခဲမျိုးစုံကြုံနေရတယ်။ အခုက နေအိမ်တွေကိုပါ စစ်ဆေးမယ်ဆိုတော့ စိုးရိမ်မှုရှိတာပေါ့။ ဘာအပြစ်မှမရှိပဲ အနိုင်မကျင့်ဖို့သာလိုတယ်။"လို့ ဆိုပါတယ်။
လက်ရှိ မောင်တောမြို့နယ်မှာသာမက ဘူးသီးတောင်မြို့အပါအဝင် ရခိုင်တစ်ပြည်နယ် မြို့တွေရွာတွေမှာပါ စစ်ဆေးသွားဖို့ စစ်ကောင်စီက ညွှန်ကြားထားတယ်လို့ အထွေထွေအုပ်ချုပ်ရေး သတင်းရင်းမြစ်ကနေ သိရပါတယ်။