စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ အင်းပတ်ကျေးရွာကို လာရောက်မီးရှို့ဖျက်ဆီးတဲ့ စစ်ကောင်စီတပ်နဲ့ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်တို့ ဒီနေ့မနက် ၉ နာရီလောက် တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
အဆိုပါစစ်တပ်ဟာ ရေဦးမြို့ဘက်ကနေ့ အင်းပတ်ရွာကို ဒီနေ့မနက်အစောပိုင်း ဝင်ရောက်လာတာကြောင့် ဒေသခံပြည်သူ့ကာကွယ်ရေးတပ်နဲ့ ထိပ်တိုက်တွေ့ဆုံ တိုက်ပွဲဖြစ်ပွားခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။
“မနက်လင်းအစောကြီး ရွာထဲဝင်လာတာ။ စစ် (-) တွေလာတယ်လို့ သိရတော့ ဘာမှမယူနိုင်ခဲ့ဘူး။ လူလွတ်ထွက်ပြေးရတယ်။ အဲလိုနဲ့ မနက်ခင်း ၉ နာရီလောက်ရောက်တော့ ရွာကို သူတို့မီးရှို့တယ်။ အဲလိုရွာကို မီးရှို့လို့ ဒေသခံပြည်သူ့ကာကွယ်ရေးအဖွဲ့တွေနဲ့ တိုက်ပွဲဖြစ်ကြတော့တာပဲ။ ရွာသားတွေကတော့ ဘေးလွတ်ရာကို ရှောင်နိုင်ခဲ့တယ်” လို့ အင်းပတ်ရွာသားတဦးက ပြောပါတယ်။
အင်းပတ်ရွာကို စစ်ကောင်စီတပ်က မီးရှို့ခဲ့တာကြောင့် ပထမအကြိမ်မှ နေအိမ်အလုံး ၂၀၀၊ ဒုတိယအကြိမ် နေအိမ် ၇ လုံးနဲ့ အခု တတိယအကြိမ်မှာ နေအိမ် ၁၀ လုံး စုစုပေါင်း ၂၁၇ လုံး ရှိနေပြီလို့ ဒေသခံတွေက ပြောပါတယ်။
အင်းပတ်ဒေသခံပြည်သူကာကွယ်ရေးတပ်ခေါင်းဆောင်တဦးက “တိုက်ပွဲက မနက် ၉ နာရီက တကြိမ်ဖြစ်တယ်။ အဲ့အကြိမ်က စစ် (-) ၃ကောင်သေတယ်။ နေ့လယ်ပိုင်းရောက်တော့ နောက်ထပ်တကြိမ်ဖြစ်တယ်။ အဲအကြိမ်ကတော့ စစ် (-) အသေးများတယ်။ ကျနော်တို့ဘက်က အဖွဲ့စုံသွားတာရယ်၊ အဝေးပစ်၊ ကျကွဲ၊ ဒရုန်း၊ မောင်းပြန် ရှိသလောက်နဲ့ တူမီးရှိတာ အကုန်ထုတ် တိုက်ကြတာဆိုတော့ စစ် (-) အသေ ၁၇ ကောင်အထိရှိသွားတယ်။ ကျနော်တို့ဘက်ကတော့ နယ်မြေကျွမ်းကျင်တာကို အသုံးချတိုက်ခိုက်နိုင်ခဲ့တယ်။ အဲတာကြောင့် လောလောဆယ်တော့ အသေပျောက်ရှိတယ်ဆိုတဲ့ သတင်း မကြားမိသေးဘူး” လို့ ပြောပါတယ်။
အခုတိုက်ပွဲမှာ ခင်ဦးဒေသခံ Local PDF၊ ခင်းဦးပကဖတပ်ရင်းတွေနဲ့ မဟာမိတ်တပ်ဖွဲ့တွေ ပူးပေါင်း တိုက်ခိုက်ခဲ့တာလို့ ခင်ဦးဒေသခံပြည်သူ့ကာကွယ်ရေးခေါင်းဆောင်တွေက ပြောပါတယ်။