မန္တလေးမြို့ မဟာအောင်မြေမြို့နယ်၊ မဟာနွယ်စဥ်ရပ်ကွက်၊ ၆၉ လမ်း နဲ့ ၃၆ လမ်းအနီးရှိ စည်ပင်ဝန်ထမ်းအိမ်ရာနားမှာ စက်တင်ဘာ ၂၃ ရက် ညနေ ၅ နာရီခန့်က ဗုံးပေါက်ကွဲခဲ့တယ်လို့ အနီးဝန်းကျင်နေသူတွေက ပြောပါတယ်။
စည်ပင်ဝန်ထမ်းအိမ်ရာအနီး တပ်စွဲထားတဲ့ စစ်ကောင်စီ ကင်းစခန်းကို ဗုံး ၂ လုံးနဲ့ ပစ်သွားတာ ဖြစ်ပြီး သေနတ်နဲ့ အပြန်အလှန်ပစ်ခတ်မှုတွေလည်းဖြစ်ခဲ့ကာ ရဲ ၃ ယောက် ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။
အနီးဝန်းကျင်နေသူတဦးက “ပထမ ဗုံးနဲ့ ပစ်ခံရတာ။ ပြီးတော့ သေနတ်သံတွေလည်း ကြားရတယ်။ ရဲသုံးယောက် ထိခိုက်မိတယ်လို့ ကြားတယ်။ အခုမနက်လည်း စည်ပင်ဝန်ထမ်း အိမ်ရာမှာ ကားတွေရောက်နေတယ်” လို့ ပြောပါတယ်။
ဗုံးပေါက်ကွဲမှုကြောင့် ရဲတပ်သား ထက်မြတ်အောင်မှာ နောက်ကျောဘက်နဲ့ တင်ပါး၊ ရဲတပ်သား ဖြိုးအောင်မှာ လက်ဖျံ နဲ့ ဝမ်းဗိုက်၊ ရဲတပ်သား ဝေဇင်ဦးမှာ နောက်ကျော၊ နံစောင်း၊ ပေါင်၊ ခြေသလုံးတို့မှာ ပေါက်ကွဲစ ထိမှန်ဒဏ်ရာတွေ ရရှိခဲ့တယ်လို့ သိရပါတယ်။