ရခိုင်ပြည်နယ်၊ ကျောက်တော် အခြေစိုက် စစ်ကောင်စီတပ်ရင်းတခုက တပ်သား ၃၈ ယောက်ဟာ စက်တင်ဘာ ၂၂ ရက် ညပိုင်းမှာ ရက္ခိုင်တပ်တော် (ULA/AA) ဆီမှာ အလင်းဝင်ပူးပေါင်းခဲ့ကြတယ်လို့ AA နဲ့ နီးစပ်သူတွေက ပြောပါတယ်။
“အဲဒီ စစ်ကောင်စီတပ်သားတွေ အလင်းဝင်လာတာတော့ သေချာပါတယ်၊ ၃၈ ယောက်ပါ။ လက်နက်ခဲယမ်းတွေလည်း ပါလာပေမယ့် အရေတွက်တော့ မသိရသေးဘူး။ ဒီကိစ္စကတော့ အထက်လူကြီးတွေ မသိသေးဘဲ သတင်းပေါက်ကြားသွားတော့ AA တပ်ဖွဲ့ဝင်တွေ အဆူခံရတာတွေ ရှိတယ်။”
ချင်းပြည်နယ် ပလက်ဝမြို့နယ်ထဲက စစ်ကောင်စီစစ်ကြောင်းတွေက လက်နက်ခဲယမ်းတွေနဲ့ ပူးပေါင်းလာတဲ့ အရာရှိစစ်သည် ၁၀ ယောက်ထက်မနည်းရှိပြီး တခြားမြို့နယ်တွေမှာလည်း စစ်ကောင်စီဘက်က လက်နက်ခဲယမ်းတွေနဲ့ ပူးပေါင်းလာတာတွေရှိလို့ အရေအတွက်အနေနဲ့ ရာဂဏန်းလောက်ရှိတယ်လို့ ရက္ခိုင်တပ်တော်ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက ပဥ္စမအကြိမ်မြောက် ULA/AA သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုထားပါတယ်။
အဲဒီပူးပေါင်းလာသူတွေဟာ တိုက်ပွဲမဖြစ်ခင် လာရောက်ပူးပေါင်းသူတွေရှိသလို တိုက်ပွဲတွေဖြစ်ပြီးတဲ့နောက်ပိုင်း ရက္ခိုင်တပ်တော် AA ဆီမှာ လာရောက်ပူးပေါင်းသူတွေက ပိုမိုများပြားလာတယ်လို့ ဆိုပါတယ်။
စစ်ကောင်စီဘက်က ထပ်မံအလင်းဝင်ဖို့ ULA/AA ကို ဆက်သွယ်လာသူတွေလည်း အများအပြားရှိနေပြီး ပူပေါင်းလာသူတွေကိုလည်း ကောင်းကောင်းမွန်မွန်စောင့်ရှောက်ပေးထားကာ ထပ်မံပူးပေါင်းလိုတဲ့ စစ်ကောင်စီတပ်သားတွေကို ဖိတ်ခေါ်ထားပါတယ်။
စစ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီတပ်ကို အာဏာဖီဆန်ပြီး ပြည်သူ့ရင်ခွင် ခိုလှုံလာတဲ့ စစ် သားနဲ့ ရဲတပ်ဖွဲ့ဝင် အရေအတွက် သောင်းနဲ့ချီရှိနေပြီဖြစ်ပါတယ်။
လက်ရှိမှာတော့ ပြည်သူလူထုကို အကြမ်းဖက်သတ်ဖြတ်နေတဲ့ စစ်ကောင်စီရဲ့ လုပ်ရပ်တွေကို မလိုလား မနှစ်မြို့ကြတဲ့ အရာရှိ၊ စစ်သည်တွေနဲ့ ရဲတပ်သားတွေဟာ သူတို့ရဲ့ ဂုဏ်သိက္ခာ၊ မျိုးဆက်တွေရဲ့ ဂုဏ်သိက္ခာကို ပြန်လည်ရယူဖို့ စစ်အာဏာရှင်ရဲ့ လက်ကိုင်တုတ်အဖြစ်က ရုန်းထွက်ပြီး ပြည်သူ့ဘက် ကူးပြောင်းရပ်တည်လာတာ တဖြည်းဖြည်း များပြားလာနေတာပါ။
တပ်မတော်ကို အလွဲသုံးစားပြုလုပ်နေတဲ့ လက်တဆုပ်စာ စစ်ဗိုလ်ချုပ်တစုရဲ့ လက်ကိုင်တုတ် ခါးပိုက်ဆောင်တပ်အဖြစ်မှ ရုန်းထွက်ပြီး ပြည်သူ့ရင်ခွင် အမြန်ဆုံးခိုဝင်ကြဖို့ တပ်မတော်သားတွေ၊ ရဲတပ်သားတွေကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က လည်း တိုက်တွန်းနှိုးဆော်ထားပါတယ်။
ဒါ့အပြင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေဖြစ်ကြတဲ့ ကချင်လွတ်မြောက်ရေး တပ်မတော် (ကေအိုင်အေ)နဲ့ ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) တို့လို အဖွဲ့အစည်းတွေကလည်း စစ်အာဏာရှင် ဆန့်ကျင်ကာ ပူးပေါင်းလိုတဲ့ ရှေ့တန်းရောက် မြန်မာ့တပ်မတော်သားတွေ၊ ရဲတပ်သားတွေကို လက်ကမ်းကြိုဆိုနေကြပါတယ်။