ရှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့နယ် နမ့်ပေါင်တိုက်နယ်ထဲမှာ ဒီကနေ့မွန်းလွဲပိုင်းက ထော်လာဂျီကား ၁ စီး တိမ်းမှောက်ပြီး ၃ ယောက်သေဆုံး၊ ၁၅ ယောက် ထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့ လားရှိုးလူမှုကူညီရေးအဖွဲ့က ပြောပါတယ်။
စက်တင်ဘာ ၂၃ ရက် မွန်းလွဲ ၁ နာရီကျော်လောက်က နမ့်ပေါင်တိုက်နယ် မော်တောင်းကျေးရွာအနီးမှာ ယာဉ်မတော်တဆတိမ်းမှောက်ခဲ့တာလို့ လားရှိုးလူငယ်များ လူမှုကူညီရေးအဖွဲ့ဝင်တယောက်က ဒီဗွီဘီကို ပြောပါတယ်။
“ယာဉ်မှောက်တယ်လို့ သတင်းရရချင်း ပရဟိတအဖွဲ့တွေ အနည်းဆုံး ၅ ဖွဲ့လောက် လိုက်သွားကြပါတယ်ခင်ဗျ။ နမ့်ပေါင်မရောက်ခင် မော်တောင်းနဲ့ သံလွင်လမ်းခွဲရှိတယ်၊ သံလွင်ဘက်မချိုးဘဲ မော်တောင်းဘက်ကိုချိုးပြီး အဝေးကြီးဆက်သွားရပါသေးတယ်။ သီပေါနယ်အစပ်တောင် ရောက်ခါနီးပြီ။ မှောက်တာက ဘေးတွဲထော်လာဂျီကားပါ။ နုတ်ကွတ်နဲ့ မော်တောင်းရွာသားတွေ အလှူသွားပြီးအပြန် တောင်ပေါ်လမ်းအကွေ့ အဆင်းလမ်းမှာ ဂီယာညပ်သွားပြီး တိမ်းမှောက်တာလို့ သိရတယ်။ ကားဆရာမိန်းမ အပါအဝင် အမျိုးသမီး ၃ ယောက် ပွဲချင်းပြီး သေဆုံးတယ်။ တယောက်က အသက် ၇၀ လောက်ရှိတဲ့ အဘွားကြီး၊ နောက် ဒဏ်ရာရတာက ၁၅ ယောက်၊ လူနာတွေကို ဆေးရုံအမြန်ပို့ပေးဖို့ အရေးကြီးတာကြောင့် အသေးစိတ်ကိုတော့ မမေးလိုက်ရပါဘူးခင်ဗျ။”
လောလောဆယ် အဆိုပါလူနာတွေကို လားရှိုးပြည်သူ့ဆေးရုံကို ပို့ပေးခဲ့ပြီး တချို့မှာ အိုင်စီယူ အရေးပေါ်ခန်း၊ ခွဲစိတ်ခန်း စသဖြင့် ဆရာဝန်တွေက ခွဲပြီးကုသပေးနေကြောင်း၊ သေဆုံးသူ ၃ ယောက်ကတော့ ရပ်ရွာဓလေ့ထုံးစံအရ အခင်းဖြစ်တဲ့နေရာအနီးမှာပဲ ရွာသားတွေက ချက်ချင်းသင်္ဂြိုဟ်လိုက်ပြီလို့ ဆိုပါတယ်။ဒီကနေ့ မတော်တဆထိခိုက်မှုမှာ လားရှိုးလူငယ်များ လူမှုကူညီရေးအဖွဲ့အပြင် နမ့်ပေါင်သုခစံ လူမှုကူညီရေးအဖွဲ့၊ ရွှေလှိုင်းမေတ္တာ၊ ပေးသောလက်စေတနာရှင် သွေးနှင့် လူမှုကူညီရေေအသင်း၊ ကမ်းလင့်လက် လူမှုကူညီရေး စတဲ့အဖွဲ့တွေ သွားရောက်ကူညီပေးခဲ့ပါတယ်။