ရန်ကုန်တိုင်း၊ သန်လျင်မြို့နယ်ရှိ လူစည်ကားရာလမ်းမကြီးတွေမှာ စစ်ကောင်စီတပ်တွေ နေရာယူထားပြီး ဒေသခံတွေရဲ့ ဆိုင်ကယ်တွေကို ဖမ်းဆီးကာ ပိုင်ရှင်တွေကို ငွေတောင်းတာတွေ၊ စားနပ်ရိက္ခာ ဝယ်ခိုင်းတာတွေ လုပ်နေတယ်လို့ ဒေသခံတယောက်က ဒီဗွီဘီကို ပြောပါတယ်။
“အောင်ချမ်းသာကုန်းထိပ်မှာ အမြဲဖမ်းတယ်။ မိသွားရင် တချို့က ပိုက်ဆံတောင်းတယ်။ တချို့က ဆန်တွေ ဆီတွေ တခြားစားစရာတွေ ဝယ်ခိုင်းတယ်။ သူတို့ကိုယ်တိုင်တောင် မဝယ်ဘူး။ ဆိုင်ကယ်ပိုင်ရှင်ကို ဝယ်ခိုင်းတာ။”
ဆိုင်ကယ်ဖမ်းဆီးခံရသူတွေဟာ အုပ်ချုပ်ရေးမှူးအိမ်တွေမှာ ဆိုင်ကယ်တွေကို သွားရွေးယူရပြီး ဒဏ်ကြေးငွေအဖြစ် ငါးသောင်းမှ တသိန်းအထိ ပေးဆောင်ရတယ်လို့ ဒေသခံတယောက်က ဒီဗွီဘီကို ရှင်းပြပါတယ်။
သန်လျင်မြို့နယ်မှာ မေလ ၁၈ ရက်က ဆိုင်ကယ်စီးခွင့်မပြုဘူးဆိုပြီး ထုတ်ပြန် ကြေညာပြီးနောက်ပိုင်း မေလ ၂၂ ရက်နေ့မှာ ဆိုင်ကယ်စီးခွင့်လက်မှတ်ကို စစ်တပ်က တစီးကို ၁၂,၀၀၀ ကျပ်နဲ့ လုပ်ပေးခဲ့တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
“ကညနလိုင်စင်ရှိလည်း မရဘူး။ စစ်တပ်က ထောက်ခံချက်ပေးမှ စီးလို့ရတာ။ အခုဖမ်းတဲ့ ဆိုင်ကယ်တွေက စစ်တပ်ပိုက်ဆံလိုလို့ ဖမ်းတာ။ စစ်တပ်က သန်လျင်မှာ လုပ်ချင်တိုင်းကို လုပ်နေတာ။”
သန်လျင်မြို့နယ်မှာ စစ်ကောင်စီတပ်၊ ရဲနဲ့ အုပ်ချုပ်ရေးအဖွဲ့တို့ ပူးပေါင်းကာ နေ့စဥ် နေရာအနှံ့ ဆိုင်ကယ်တွေ ဖမ်းပြီး ငွေကြေးတောင်းခံတာတွေ လုပ်နေတာ လပေါင်းများစွာရှိပြီဖြစ်တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
ရန်ကုန်တိုင်းရှိ ဒလ၊ တွံတေး၊ ကော့မှူး၊ ကွမ်းခြံကုန်း၊ လှိုင်သာယာ စတဲ့မြို့နယ်တွေမှာ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းက စစ်ကောင်စီတပ်က ဆိုင်ကယ်မစီးရနယ်မြေတွေအဖြစ် သတ်မှတ်ပြီး ဆိုင်ကယ်တွေကို ဖမ်းဆီးကာ ငွေကြေးတောင်းခံတာတွေ ပြုလုပ်လာတာ ဖြစ်ပါတယ်။