စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ ရွှေဘို-မန္တလေးကားလမ်းမှာ စက်တင်ဘာ ၂၂ ရက် ညနေ ၅ နာရီခွဲလောက်က စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ လိုက်ပါလာတဲ့ သံပြားကာစစ်ကား ၂ စီးကို ပဒေသာမိုင်းတွေနဲ့ ၂ ကြိမ် ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသကာကွယ်ရေးအဖွဲ့က ပြောပါတယ်။
အဲ့ဒီစစ်ကား ၂ စီးဟာ ရွှေဘိုမြို့ကနေ ထွက်ခွာလာတာဖြစ်ပြီး ရွှေဘို-မန္တလေးကားလမ်းရှိ စိုင်နိုင်ကွေ့အနီးမှာ သိဒ္ဓိရှင် ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ ဇာဏီသွေးတပ်ခွဲမှ ပဒေသာမိုင်း ၆ လုံးနဲ့ ဖောက်ခွဲတိုက်ခိုက်ရာ ကား ၁ စီးမှာ ဆက်လက်မောင်းမရအောင် ထိခိုက်ပျက်စီးသွားခဲ့တယ်လို့ ဆိုပါတယ်။
သိဒ္ဓိရှင်ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ တာဝန်ရှိသူတယောက်က “သူတို့က လှတောရဲစခန်းကို ဝင်ပြီး လှည့်လာတာ။ အင်အား ၇၀ ဝန်းကျင် ရှိလိမ့်မယ်။ ပွိုင့်မှာ ပဒေသာမိုင်းတွဲနဲ့ အဆင်သင့် စောင့်နေတာ။ မိုင်းကွင်းထဲအရောက်မှာ ထိထိရောက်ရောက် ဖောက်ခွဲတိုက်ခိုက်နိုင်ခဲ့တယ်။ သံပြားကာကား ၁ စီးက စက်ပိုင်းရော ဘီးပါ ထိသွားပုံရတယ်ဗျ။ ဆက်မောင်းမရတော့ ရပ်သွားတယ်။ အဲ့ဒီမှာ ဘေးပတ်ဝန်းကျင်ကို ရမ်းသန်းပြီး လက်နက်ငယ်ရော လက်နက်ကြီးနဲ့ပါ ရမ်းသန်းပစ်ခတ်တာတွေ လုပ်တယ်။ ကျနော်တို့တပ်ဖွဲ့တွေဘက်မှာတော့ အထိအခိုက် တစုံတရာ မရှိခဲ့ပါဘူး” လို့ ပြောပါတယ်။
ဒါ့အပြင် စိုင်နိုင်ကွေ့အနီး ရမ်းသန်းပစ်ခတ်ခဲ့တဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ကျန်ရှိတဲ့ ကား ၁ စီးနဲ့ ရွှေဘိုဘက်ကို ပြန်လည်ထွက်ခွာရာ စိုင်နိုင်လေးနဲ့ ဘုန်းတော်ဘွဲ့ကျေးရွာကြား အရောက်မှာ ပဒေသာမိုင်း ၅ လုံးနဲ့ ထပ်မံဖောက်ခွဲ တိုက်ခိုက်ခံရတယ်လို့ သိရပါတယ်။
အဲ့ဒီတိုက်ခိုက်မှုတွေအတွင်း စစ်ကောင်စီတပ်ဖွဲ့ဘက်က အထိအခိုက် အသေအပျောက် ရှိနိုင်ပေမဲ့ စုံစမ်းနေဆဲဖြစ်တဲ့အတွက် အတိအကျ မသိရသေးဘူးလို့ ဒေသကာကွယ်ရေးအဖွဲ့က ပြောပါတယ်။
ပြီးခဲ့တဲ့ ဩဂုတ် ၂၇ ရက်ကလည်း ရွှေဘို-မန္တလေးလမ်းက စိုင်နိုင်ကွေ့အနီးမှာ စစ်ကောင်စီတပ်ဖွဲ့ရဲ့ ယာဉ်တန်းကို ဒေသကာကွယ်ရေး ပူးပေါင်းအဖွဲ့တွေက မိုင်းဆွဲတိုက်ခိုက်ခဲ့တာကြောင့် စစ်သား ၆ ယောက် သေဆုံးခဲ့ပါတယ်။