“ဘုရင်မကြီးသေတာ သူ့အပူ ဘာပါလို့လဲ။”
ဒါကတော့ တရုတ်ပြည် လူမှုကွန်ရက်သုံးစွဲသူတွေကြား တွေ့ခဲ့ရတဲ့ ကောမန့်တွေထဲက တခုပါ။ ဒီလိုမှတ်ချက် (comment) အပေးခံရသူက ဟောင်ကောင်မင်းသမီး ကာရီနာလျူ (၅၆ နှစ်) ပါ။ သူက ကနေဒီယန်ဟောင်ကောင် ကပြားပါ။ ဗြိတိန်ဘုရင်မကြီး အဲလစ်ဇဘက် ကွယ်လွန်တော့ မင်းသမီး ကာရီနာလည်း တခြားသော ကမ္ဘာအရပ်ရပ်က ဆယ်လီတွေလို ဝမ်းနည်းကြောင်း သူ့ရဲ့ ဖေ့စ်ဘွတ်ခ်နဲ အင်စတာဂရမ်မှာ တင်ပါတယ်။ ဘုရင်မကြီးဟာ ခေတ်တွေ ဘယ်လိုပြောင်းပြောင်း လူ့အဖွဲ့အစည်းရဲ့ ငြိမ်းချမ်းရေးကို ဆောင်ကြဉ်းသူဖြစ်တယ်။ သူဟာ စံနမူနာပြု ပုဂ္ဂိုလ်တဦးဖြစ်သလို သူကွယ်လွန်ခြင်းဟာ အစားထိုးမရတဲ့ ဆုံးရှုံးမှု တခုပါပဲလို့ ရေးသားခဲ့တယ်။ တရုတ်ပြည်မှာ လူသုံးများတဲ့ ဆိုရှယ်ကွန်ရက် Waibo မှာတောင် မတင်ပါဘူး။ ဒါပေမဲ့ သူ့ရဲ့ပို့စ်အောက်မှာတော့ ဘုရင်မကြီးကွယ်လွန်ခြင်းနဲ့ ပတ်သက်တဲ့ သူ့ရဲ့ ဝမ်းနည်းစကားတွေကို တရုတ်လူမှုကွန်ရက်သုံးစွဲသူ အများအပြားက လှောင်ပြောင် ထေ့ငေါ့သလို တုံ့ပြန်နေကြတာ တွေ့ရပါတယ်။
ဘုရင်မကြီး ကွယ်လွန်တော့ ကမ္ဘာတဝန်းလုံးက ခေါင်းဆောင်တွေ၊ ဆယ်လီတွေ၊ မင်းသား မင်းသမီးတွေကအစ ဝမ်းနည်းကြောင်း သူတို့ရဲ့ လူမှုကွန်ရက်ပေါ်မှာ ထုတ်ဖော်ရေးသားကြတယ်။ ဒီအထဲမှာ တရုတ်ပြည်သူတွေ မပါဝင်ကြဘူး။ အင်း.. စဉ်းစားကြည့်လိုက်တော့ ဗြိတိန်ဘုရင်မကြီး ကွယ်လွန်တာဟာ သူတို့ကိစ္စမဟုတ်သလို ကိုယ့်ကိစ္စလည်း မဟုတ်ပါဘူး။ ကမ္ဘာမှာ သက်တော်ရှည် ဘုရင်မကြီးတပါး ကွယ်လွန်သွားတာကလွဲလို့ ထူးထူးခြားခြားရှိလှတယ် မဆိုနိုင်ပါဘူး။ တခြားတဖက်ကကြည့်ရင် ကိုယ့်နိုင်ငံကို နှစ်ပေါင်း ၁၀၀ ကျော် ကိုလိုနီပြုသွားခဲ့တဲ့ နေမဝင်အင်ပါယာ ဘုရင်မကြီးပဲ။ သူဆောင်းတဲ့သရဖူမှာ ကိုယ့်နိုင်ငံက အဓမ္မယူဆောင်သွားတဲ့ နန်းစဉ်ပတ္တမြား ငမောက်တောင် စီခြယ်ထားတယ်လို့ ဆိုသေး။ ဟုတ်မဟုတ်တော့ မသိ။
အမှန်တော့လည်း ကိုယ်တွေ ကျွန်ပြုခံရ၊ ကိုလိုနီအဖြစ် သိမ်းပိုက်ခံခဲ့ရတာဟာ ကိုယ်တွေကိုယ်နှိုက်က ညံ့ခဲ့လို့ပါ။ ခုလို သူတို့တတွေ ထီးနဲ့ နန်းနဲ့ ဒီနေ့အထိ အခိုင်အမာ တည်ရှိနေချိန်မှာ ကိုယ်တွေက ထီးသုန်း နန်းသုန်း ပျက်စီးခဲ့တာ နှစ် ၁၀၀ ကျော်သွားခဲ့ပြီ။ ပဒေသရာဇ်ခေတ်ဟောင်းကို တမ်းတနေတာတော့ မဟုတ်ပါဘူး။ ကမ္ဘာပေါ်မှာ ကိုယ့်မင်းကိုယ့်ချင်းနဲ့ ဒီနေ့အထိ တည်တံ့နေတဲ့ နိုင်ငံတချို့ကို မြင်တိုင်း မချိတင်ကဲဖြစ်ရတယ်။ တကယ်ဆို ကိုယ်တွေလည်း ကိုယ့်မင်း ကိုယ့်ချင်းနဲ့ ထည်ထည်ဝါဝါ နေခဲ့တာပဲမဟုတ်လား။
ပြန်တွေးကြည့်တော့ “မညီညွတ်မှု” ဟာ ကုန်းဘောင်နှောင်းခေတ်ကတည်းက ရှိခဲ့တယ်။ ဗြိတိသျှတွေ ကိုယ့်ဘုရင်ကို ကြက်ကလေး ငှက်ကလေး ဖမ်းသလို အလွယ်တကူ ဖမ်းသွားနိုင်ခဲ့တာ ကုန်းဘောင်ခေတ်နှောင်း နန်းတွင်း နိုင်ငံရေး အရှုပ်အထွေးတွေကြောင့်ပါပဲ။ ခေတ်နောက်ကျနေရတဲ့ကြားက ကိုယ့်အချင်းချင်း မညီညွတ်မှုတွေက ဗြိတိသျှတွေအတွက် အကွက်ဆိုက်ခဲ့တယ်လို့တောင် ဆိုရမယ်။ ဟိုတုန်းက မညီညွတ်ခဲ့ဘူးဆိုတော့ ခုရော ညီညွတ်ပြီလား မေးစရာရှိတယ်။ ဟင့်အင်း..ပါပဲ။ မြန်မာတွေအချင်းချင်း မညီညွတ်ခဲ့တာ ရာစုနှစ်တခု ကျော်ခဲ့ပြီ။
စက်တင်ဘာလ ၈ ရက်နေ့မှာ ဗြိတိသျှဘုရင်မကြီး ဒုတိယမြောက် အဲလစ်ဇဘက် ကွယ်လွန်ပါတယ်။ ကွယ်လွန်ချိန်မှာ သက်တော် ၉၆ နှစ် ရှိပါပြီ။ ဗြိတိသျှနန်းတော်ထဲမှာ နှစ်ပေါင်း ၇၀ ကျော်အထိ အုပ်စိုးသွားခဲ့လို့ နန်းသက်ရှည် ဘုရင်မတပါးလို့ မှတ်တမ်းတင်နိုင်တယ်။ ဒုတိယ အဲလစ်ဇဘက် ကွယ်လွန်တော့ သားတော် အိမ်ရှေ့မင်းသား ချားလ်က ဘုရင်ဖြစ်လာပါတယ်။ ဘုရင်မကြီးကွယ်လွန် (နတ်ရွာစံ) တော့ ပဒေသရာဇ် ထုံးတမ်းနဲ့အညီ ဘုရင်သစ် နန်းတက်တာ၊ ကွယ်လွန်သွားတဲ့ ဘုရင်မကြီးကို ပဒေသရာဇ် အစဉ်အလာအတိုင်း နိုင်ငံတော်ဈာပနကျင်းပတာ၊ ပြည်သူပြည်သားတွေရဲ့ ရုပ်ကလာပ် အကြည်ညိုခံတာ၊ ဈာပနပွဲ ကျင်းပတာတွေကို ခမ်းခမ်းနားနား ပြုလုပ်ပါတယ်။နိုင်ငံပေါင်း ၁၀၀ ကျော်က ခေါင်းဆောင်တွေ၊ လက်ကျန် ပဒေသရာဇ်ဘုရင်တွေ၊ မိဖုရားတွေ အစုံအညီ တက်ရောက်ကြတာလည်း တွေ့ရတယ်။ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်၊ ပြင်သစ်သမ္မတ မက်ခရွန်၊ ကနေဒါဝန်ကြီးချုပ်၊ တရုတ် ဒု-သမ္မတ စတဲ့ ခေါင်းဆောင်တွေ၊ ဥရောပက ဆွီဒင်၊ ဒိန်းမတ်၊ ဘယ်လ်ဂျီယံနိုင်ငံတွေက မင်းဆွေ မင်းမျိုးတွေ၊ ဂျပန်ဘုရင်၊ ဂျော်ဒန်ဘုရင်မိဖုရား၊ ဆော်ဒီအာရေဗျနဲ့ အရှေ့အလယ်ပိုင်း အာရပ်နိုင်ငံများက ဘုရင်တွေ၊ မင်းညီမင်းသားတွေ တက်ရောက်ကြတယ်။ ဈာပနအခမ်းအနားကို စက်တင်ဘာ ၁၉ မှာ ကျင်းပတယ်။ အဲဒီနေ့မတိုင်မီ ဘုရင်မရဲ့ ရုပ်ကလာပ်ကို ဝက်စ်မင်စတာ ဘုရားကျောင်းမှာ အကြည်ညိုခံ ပြသထားရာ အင်္ဂလန်ပြည်သူ ထောင်ပေါင်းများစွာက နာရီပေါင်းအတန်ကြာအောင် တန်းစီစောင့်ဆိုင်းပြီး ဘုရင်မကြီးကို ဂါရဝပြုခဲ့ကြတယ်။
ဒီမြင်ကွင်းဟာ နိုင်ငံတနိုင်ငံမှာ သူတို့ချစ်တဲ့၊ သူတို့ကြည်ညိုလေးစားတဲ့ ခေါင်းဆောင်တဦးကို သူ့ပြည်သူတွေက ဘယ်လောက်အလေးထားကြောင်း ပြသနေတယ်။ ခေါင်းဆောင်ကိုချစ်တဲ့ ပြည်သူတွေနဲ့ ပြည်သူကိုချစ်တဲ့ ခေါင်းဆောင်တွေကြား နက်ရှိုင်းတဲ့ ချည်နှောင်မှုကို ဒီဈာပနက ပြသနေတယ်။ ဝက်စ်မင်စတာ အဘေးကနေ ဝင်ဆာရဲတိုက်အထိ ရုပ်ကလာပ်ကို နန်းဓလေ့ အဆောင်အယောင်တွေ၊ အခြံအရံတွေနဲ့ သယ်ဆောင်သွားချိန်မှာ လမ်းရဲ့တဖက်တချက်မှာ တန်းစီစောင့်ဆိုင်း ကြည့်ရှုနေကြတဲ့ ပြည်သူအမြောက်အမြားကို တွေ့ရတယ်။ ဝင်ဆာရဲတိုက် စိန့်ဂျော့ဘုရားကျောင်းမှာ ဘုရင်မကြီးရဲ့ ရုပ်ကလာပ်ကို ပြီးခဲ့တဲ့ ၁၁ လက ကွယ်လွန်သွားတဲ့ ခင်ပွန်းသည်ရဲ့နံဘေးမှာ ထားရှိမှာဖြစ်တယ်။ ဗြိတိသျှဘုရင်မင်းဆက်တွေရဲ့ ရုပ်ကလာပ်တွေဟာ ဘုရားကျောင်းရဲ့ လိုဏ်ခန်းထဲမှာ ထားရှိတာဖြစ်ပြီး မီးသင်္ဂြိုဟ်ခြင်း မရှိပါဘူး။ ဈာပနအခမ်းအနား မြင်ကွင်းကို ရုပ်သံကတဆင့် ရိုက်ကူးထုတ်လွှင့်ပြသလို့ တကမ္ဘာလုံးက ပြည်သူတွေလည်း ကြည့်ရှုခွင့်ရကြတယ်။ ဘုရင်မကြီး ဈာပနအခမ်းအနားရဲ့ ခမ်းနားမှုတွေ၊ ပဒေသရာဇ်အစဉ်အလာ အဆောင်အယောင်တွေကိုတော့ ရေးမပြတော့ပါဘူး။
၂၁ ရာစုထဲမှာ လက်ကျန်ပဒေသရာဇ်တွေရဲ့ မင်းခမ်းမင်းနားနဲ့ နန်းဓလေ့အစဉ်အလာနဲ့ ကျင်းပတဲ့ ခုလိုအခမ်းအနားမျိုး မြင်ခွင့်ရတာ ဒါ တတိယအကြိမ်ပါ။
၂၀၁၆ ခုနှစ် အောက်တိုဘာလမှာ ကွယ်လွန်ပြီး ၂၀၁၇ ခုနှစ် အောက်တိုဘာလမှာ ဈာပနအခမ်းအနားကျင်းပတဲ့ ထိုင်းဘုရင် ဘူမိဘော အဒူလျာဒက်ရဲ့ ဈာပနအခမ်းအနားဟာလည်း ခု ကွယ်လွန်သွားတဲ့ ဗြိတိသျှဘုရင်မကြီးရဲ့ ဈာပနလိုပဲ ကြီးကျယ်ခမ်းနားခဲ့တယ်။ ဘူမိဘောကလည်း ဘုရင်မကြီး အဲလစ်ဇဘက်လိုပဲ နန်းသက် ၇၀ ကျော် ထိုင်းနိုင်ငံကို အုပ်စိုးသွားခဲ့ပြီး သက်တော် ၈၈ နှစ်မှာ ကံကုန်ခဲ့တာပါ။ ထိုင်းတွေက ဘုရင်ကြီးရဲ့ ရုပ်ကလာပ်ကို တနှစ်တိတိ အပူဇော်ခံထားပြီးမှ ဈာပနအခမ်းအနားကို ကျင်းပတာပါ။ တနှစ်တာအတွင်း ဘုရင်ကြီးကို ကြည်ညိုကြတဲ့ ထိုင်းပြည်သူတွေက အင်္ကျီအနက်ကိုပဲ ဝတ်ဆင်ခဲ့ကြတယ်။ ထိုင်းဘုရင်ကြီးကွယ်လွန်တော့ ထိုင်းပြည်သူတွေဟာ ယူကြုံးမရ၊ ခြုံးပွဲချ ငိုကြွေးခဲ့ကြတယ်။ ပြည်သူတွေက ဘုရင်ကြီးကိုချစ်ပြီး ဘုရင်ကြီးကလည်း ပြည်သူတွေကို မေတ္တာထားတဲ့ စည်းနှောင်မှုတခုပါ။
နောက်ထပ် ပဒေသရာဇ် မင်းခမ်းမင်းနားတခုက ၂၀၁၉၊ အောက်တိုဘာမှာ နန်းတက်ခဲ့တဲ့ ဂျပန်ဘုရင်သစ် နာရူဟီတိုရဲ့ နန်းတက်ပွဲ အခမ်းအနားပါ။ ဒီအခမ်းအနားကို ကမ္ဘာ့နိုင်ငံအသီးသီးက ခေါင်းဆောင်ကြီးတွေ၊ ဘုရင်တွေ၊ မင်းညီမင်းသားတွေ တက်ရောက်ခဲ့ပြီး ဂျပန်တို့ရဲ့ နန်းဓလေ့အစဉ်အလာအတိုင်း ခမ်းခမ်းနားနား ကျင်းပသွားခဲ့တာကို ရုပ်သံထဲမှာ ကြည့်ခွင့်ရလိုက်တယ်။
ကမ္ဘာကြီးဟာ ၂၁ ရာစုထဲ ချဉ်းနင်းဝင်ရောက်လာပြီ ဆိုပေမဲ့ ၂၀ ရာစုလက်ကျန် ပဒေသရာဇ် အချို့ကို မြင်တွေ့နေရပါသေးတယ်။ ပြောင်းလဲသွားတဲ့ ခေတ်စနစ်အခြေအနေအရ ပဒေသရာဇ် နွယ်ဝင်တွေဟာ အဆောင်အယောင် ရာထူးနေရာမှာသာ နေကြပြီး နိုင်ငံအုပ်ချုပ်ရေးမှာတော့ ပါဝင်ခြင်း မရှိကြတော့ပါဘူး။
ထီးမွေနန်းဆက် အစဉ်အလာကို ထိန်းသိမ်းစောင့်ရှောက်လာနိုင်တဲ့ နိုင်ငံတွေ ကမ္ဘာမှာ သိပ်မကျန်တော့ပါဘူး။ ၂၀ ရာစု ကမ္ဘာ့နိုင်ငံရေး အပြောင်းအလဲနဲ့အတူ ပဒေသရာဇ်စနစ် ချုပ်ငြိမ်းခဲ့ပြီးတဲ့နောက် နေမဝင်အင်ပါယာ ဖြစ်ခဲ့ဖူးတဲ့ ဗြိတိသျှရော၊ အာရှ နေမျိုးနွယ် ဂျပန်ပါ ဒီနေ့အထိ ပဒေသရာဇ် အစဉ်အလာတွေကို ဆက်လက်ထိန်းသိမ်းထားတာ မြင်ရတော့ အတိတ်က ကိုယ်တွေလည်း ထီးနဲ့ နန်းနဲ့ ကြငှန်းနဲ့ နေခဲ့ဖူးတာ မြင်ယောင်မိတယ်။
နိုင်ငံတနိုင်ငံရဲ့ ဖြစ်တည်မှုဟာ ခေါင်းဆောင်တွေနဲ့ ပြည်သူတွေအကြား လေးစားချစ်ခင်မှုနဲ့ ညီညွတ်မှုပဲ ဖြစ်တယ်ဆိုတာ ကွယ်လွန်သွားတဲ့ အဲလစ်ဇဘက်ဘုရင်မကြီးရဲ့ ဈာပနကို ကြည့်ရှုရင်းက အတွေးပွားမိခဲ့ကြောင်းပါ...။
ချစ်ဝင်းမောင်