စစ်ကောင်စီက လုံခြုံရေးတင်းကျပ်ထားတဲ့ မွန်ပြည်နယ်၊ ပေါင်မြို့လယ်က လမင်းတစ်ရာ ရတနာရွှေဆိုင်ဟာ စက်တင်ဘာ ၂၀ ရက်နေ့ မွန်းလွဲ ၁ နာရီခွဲမှာ လုယက်ခံခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
အဲဒီရွှေဆိုင်ကို ဆိုင်ကယ်တစီး ရောက်ရှိလာတဲ့ လူနှစ်ဦးက ရွှေဝယ်မယ်ဆိုပြီး ပလတ်စတစ်အကြည်နဲ့ ကာထားတဲ့ ရွှေဆိုင်ထဲက လက်ဝတ်ရတနာ ပစ္စည်းတချို့ကို လုယက်ထွက်ပြေးသွားတာပါ။
ရွှေဆိုင်လုယက်ခံရတာကြောင့် ရွှေလောကတ်သီး ၂ ခု ပါဝင်သွားတယ်လို့ ဒေသခံတွေက ပြောဆိုနေပေမယ့် ဒီဗွီဘီက သီးခြားအတည်မပြုနိုင်သေးပါဘူး။
လမင်းတစ်ရာ ရွှေဆိုင်လုယက်ခံရပြီးနောက် စစ်ကောင်စီက မြို့အဝင်အထွက် နေရာတွေနဲ့ လမ်းတချို့မှာ ပိတ်ဆို့ ရှာဖွေစစ်ဆေးနေပေမယ့် လက်ရှိအချိန်ထိ ကျူးလွန်သူတွေကို ရှာဖွေဖမ်းဆီးနိုင်တာ မရှိသေးပါဘူး။
ဒေသခံတွေက အဆိုအရ အခုဖြစ်စဉ်ဟာ ပေါင်မြို့ပေါ်မှာ စစ်တပ်အာဏာသိမ်းပြီးနောက် ပထမဦးဆုံး ရွှေဆိုင်လုယက်ခံရတာလို့ ဆိုပါတယ်။
ပေါင်မြို့နယ်မှာ ပြီးခဲ့တဲ့ စက်တင်ဘာ ပထမအပတ်က စစ်ကောင်စီ လက်အောက်ခံ မြို့မရဲစခန်း၊ ထွေအုပ်ရုံး အပါအဝင် ပြည်သူ့စစ်အဖွဲ့တွေကို တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီက လုံခြုံရေး အထူးတင်းကျပ်ထားတာပါ။
ဒါ့အပြင် စစ်ကောင်စီက ပေါင်မြို့နယ်အတွင်း လမ်းသွားလမ်းလာ ပြည်သူတွေကို ပိတ်ဆို့ရှာဖွေစစ်ဆေးတာနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ ဝင်ရောက်နိုင်တဲ့ နေရာတွေမှာ ကင်းပုန်းဝတ်တာတွေ ဆောင်ရွက်ထားပါတယ်။