Home
မြန်မာသတင်း
မြောက်ဦးတွင် စစ်တပ်ပစ်ခတ်မှုကြောင့် နေအိမ် ၂ လုံး ပျက်စီး၊ စစ်တွေ ဂိတ် ၂ ခု၌ လုံခြုံရေး တင်းကျပ်စစ်ဆေး
DVB
·
September 20, 2022
307926300_856807388818488_3931822509262482068_n
305994954_192313273255097_8900975591014539139_n

ရခိုင်ပြည်နယ် မြောက်ဦးမြို့မှာ စက်တင်ဘာ ၁၉ ရက်နေ့ညက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက မြို့တွင်း လက်နက်ကြီး လက်နက်ငယ် ပစ်ခတ်မှုတွေကြောင့်  လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲတာ​ပြီး လူနေအိမ် ၂ လုံး ပျက်စီးခဲ့တယ်လို့ မြို့ခံတွေက ပြောပါတယ်။

စက်ဘာဘာ ၁၉ ရက်နေ့ညမှာ စစ်ကောင်စီက ပစ်ခတ်ခဲ့မှုကြောင့် စပါးဆိပ်ရပ်ကွက်ရှိ လူနေအိမ် အနီးမှာ ကျရောက်ပြီး လက်နက်ကြီးကျည်စတွေ ထိမှန် ပျက်စီးသွားတာလို့ မြောက်ဦးမြို့ခံ တဦးက ပြောပါတယ်။

“​မနေ့ညက ၁၁ နာရီလောက်မှာ စစ်သားတွေက မြို့ထဲကို ဝင်ပြီးတော့ လက်နက်ကြီးတွေနဲ့ လက်နက်ငယ်တွေနဲ့ပါ ပစ်ခတ်ခဲ့ကြတယ်။ စပါးဆိပ် ရပ်ကွက်က လူနေအိမ်ရှေ့က ရေမြောင်းမှာ လက်နက်ကြီး ကျရောက်ပေါက်ကွဲတာကြောင့် အနီးက အိမ် ၂ ဆောင် လက်နက်ကြီး အစတွေမှန်ပြီး ပျက်စီးသွားကြတာတွေရှိတယ်။ လူတွေတော့ ထိခိုက် ဒဏ်ရာရသွားတာတော့ မရှိဘူး။ ဒီလို မြို့ထဲအထိကို ဝင်ပြီးလက်နက်တွေနဲ့ ပစ်ခတ်မှုတွေ လုပ်လာကြတော့ ပြည်သူတွေရဲ့ ဘဝက လုံခြုံမှု လုံးဝကို မရှိတော့ဘူး။”

အဲဒီပစ်ခတ်မှု ပြီးနောက် စက်တင်ဘာ ၂၀ ရက်နေ့မှာ စစ်ကောင်စီက လုံခြုံရေးတင်းကျပ်ပြီး ဆိုင်ကယ်လိုင်စင် ဖမ်းတာတွေနဲ့ လမ်းသွားလမ်းလာတွေကို စစ်ဆေးနေတာတွေရှိတယ်လို့ မြောက်ဦးဒေသခံတွေက ဆိုပါတယ်။

မြောက်ဦးမြို့မှာ ညမထွက်ရအမိန့် ပုဒ်မ-၁၄၄ ထုတ်ပြန်ထားတာကြောင့် စစ်ကောင်စီက ညအချိန်မှာ မြို့တွင်းဝင်ပြီး ကင်းပုန်းဝပ် သွားလာနေတာတွေရှိတယ်လို့ မြို့ခံတွေကပြောပါတယ်။

မြောက်ဦးမြို့အထဲမှာ စက်တင်ဘာ ၃ ရက်နေ့ညက စစ်ကောင်စီက မြို့တွင်းမှာ သေနတ်ပစ်ခတ်မှုတွေ ပြုလုပ်ခဲ့ကြပြီး မြို့မစျေးနဲ့ လမ်းခွဆုံတွေမှာ စစ်ဆေးရေးတင်းကျပ်မှုတွေ ရှိခဲ့ကြပါတယ်။ 

စက်တင်ဘာလ ၅ ရက်နေ့ကလည်း စစ်ကောင်စီက မြောက်ဦးမြို့မစျေးဗုံးရှိတယ်ဆိုပြီးတော့ ရှာဖွေမှုတွေ လုပ်ခဲ့ကြတယ်လို့သိရပါတယ်။

မြောက်ဦးမြို့မစျေးကို စက်တင်ဘာ ၄ ရက်နေ့ကစပြီး စစ်ကောင်စီတပ်က မီးရှို့ရန်ကြံစည်တဲ့ လုပ်ရပ်တွေကို ကြိုးစားတဲ့ သံသယဖြစ်ဖွယ် လုပ်ရပ်တွေကို တွေခဲ့ရတယ်လို့ စက်တင်ဘာ ၅ ရက်နေ့က ရက္ခိုင့်တပ်တော် (အေအေ) က ထုတ်ပြန်ချက်တစောင် ထုတ်ပြန်ခဲ့ပါတယ်။

စစ်တွေမြို့နယ်က ဂိတ် ၂ ခုကိုလည်း စက်တင်ဘာလ ၂၀ ရက်နေ့ မနက်ပိုင်းမှာ စစ်ကောင်စီဘက်က ပိတ်ဆို့စစ်ဆေးနေလို့ ခရီးသည်တင် ယာဥ်လိုင်းတွေ၊ ကုန်တင်ကားတွေနဲ့ ပြည်သူတွေ အခက်ခဲဖြစ်နေကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။

“စစ်တွေမြို့နယ်က တပ်ထိန်းဂိတ်နဲ့ ကျောက်တန်းဂိတ်တွေကို စက်တင်ဘာ ၂၀ ရက်နေ့ ဒီနေ့မနက် ၁၁ နာရီလောက်မှာ စစ်ကောင်စီတပ်က ပိတ်ဆို့လိုက်တာဗျ။ ဖြတ်လို့တော့ ရသေးတယ်၊ ဒါပေမဲ့ တင်းတင်းကျပ်ကျပ် စစ်ဆေးပြီးမှ အချိန်အကန့်သတ်နဲ့ပဲ လွှတ်ပေးတာ။ အခုပိတ်ဆို့တာဟာ အခါတိုင်း ပုံမှန်စစ်ဆေးတာနဲ့ မတူဘူး၊ ကျနော်တို့ကားတွေကတော့ အစောပိုင်းထွက်လာလို့ နည်းနည်းပါးပါး စစ်ဆေးပြီး ဖြတ်လာလို့ရတယ်။ တပ်ထိန်းဂိတ်ကတော့ အဆိုးဆုံးပဲ၊ ကျောက်တန်းဂိတ်ကတော့ အခါတိုင်းလို ပုံမှန်ပဲစစ်ဆေးတာ”လို့  စစ်တွေမြို့က ကားသမားတယောက်က ဒီဗွီဘီကို ပြောပါတယ်။

ပုဏ္ဏားကျွန်မြို့နေ ယာဥ်မောင်းတယောက်က “တပ်ထိန်းဂိတ်နားမှာ တန်းစီနေရတာ ကားအစီးရေ ၁၀၀ ကျော်လောက်ရှိတယ်ဗျ။ ကျနော့်ကားကတော့ နောက်ပိုင်းမှာဆိုတော့ ဒီနေ့တောင် ပြန်နိုင်ဖို့ မလွယ်ကူတော့ဘူး။ စစ်တွေမှာပဲ ညအိပ်ရမယ့် သဘောရှိတယ်” လို့ ပြောပါတယ်။

စစ်တွေမြို့နယ်ရှိ ကုန်စုံဆိုင်လုပ်ငန်းလုပ်ကိုင်သူတယောက်က “သူတို့ စစ်တပ်ရှေ့က ရဲဘော်စျေး(ခ)တပ်ဈေးကိုပါ ပိတ်ထားတယ်လို့ သတင်းကြားတယ်။ ကျနော်တို့ နယ်ဘက်တွေက စစ်တွေမြို့မဈေးကို အမှီပြုပြီး စားသောက်ကုန်၊ လူသုံးကုန်ပစ္စည်းတွေ အမျိုးမျိုး မှာယူနေရတာ။ အဲဒီလိုသာ ပိတ်ဆို့ထားမယ်ဆိုရင် ကျေးလက်ဒေသက ပြည်သူတွေအတွက်တော့ တော်တော် ခက်ခဲသွားပြီ” လို့ ပြောပါတယ်။

စစ်တွေမြို့ခံတစ်ယောက်က “ကျနော်တို့ မြို့ခံတွေကတော့ အဲဒီတပ်ထိန်းဂိတ်ဘက်တွေကို သိပ်မသွားကြတော့ဘူး။ ဒါသူတို့ ရည်ရွယ်ချက်ရှိရှိ ပိတ်ဆို့ထားတာဗျ။ စစ်တွေမြို့ပေါ် ရပ်ကွက်တွေကို ဝင်ရောက်မွှေနှောက်တာတွေ ဧည့်စာရင်းစစ်ဆေးတာတွေ ပြုလုပ်မယ်လို့ သတင်းကြားထားတယ်” လို့ ပြောပါတယ်။

ရခိုင်ပြည်နယ်အတွင်းမှာ စစ်ကောင်စီတပ်နဲ့ ရက္ခိုင်တပ်တော် AA တို့ နေ့စဥ်ရက်ဆက် တိုက်ပွဲတွေဖြစ်ပွားနေပြီး စစ်ကောင်စီဘက်က အများအပြားသေဆုံးလို့ လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်ပေမယ့် စစ်ကောင်စီတပ်စခန်း အများအပြားကို AA က သိမ်းပိုက်နိုင်ခဲ့ပြီး လက်နက်ခဲယမ်းအများအပြားနဲ့ စစ်သုံ့ပန်းတချို့လည်း ဖမ်းမိထားတယ်လို့ သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024