စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့နယ်အတွင်း စက်တက်ဘာ ၁၉ ရက်နေ့ နေလယ်ပိုင်းမှာ စစ်ကောင်စီတပ်ကို ဒေသခံပြည်သူ့ကာကွယ်ရေးအဖွဲ့တွေက တိုက်ခိုက်ခဲ့ကြတယ်လို့ ဒေသခံတွေနဲ့ တော်လှန်ရေးခေါင်းဆောင်တွေက ပြောပါတယ်။
ရေဦးမြို့ တိုင်းရင်းဆေးရုံအတွင်း တပ်စွဲထားတဲ့ စစ်ကောင်စီတပ် ခင်ဦးမြို့နယ်ဘက်ကို ထွက်လာစဉ် အခုလိုတိုက်ခိုက်ခံရတာလို့ ရွာသားတဦးက ပြောပါတယ်။
“ရေဦးတိုင်းရင်းဆေးရုံကနေ မနက်ခင်း ၃ နာရီခွဲကနေ စစ်ကား ၃ စီး အင်အားအပြည့်နဲ့ ကျနော်တို့ ခင်ဦးမြို့နယ် မြင်းဒေါင်းရွာကို အင်အား ၆၀ ချထားခဲ့တယ်။ အဲရွာကနေ မူးတိမ်ချောင်းတံတားမှာ တပ်စွဲထားတဲ့ သူတို့စခန်းကို ခြေလျင်သွားတယ်။ အဲတာ နေ့လယ်ပိုင်းရောက်တော့ ရေဦး-ခင်ဦးလမ်းမတိုင်း သာဂရဘက် ထပ်ထွက်လာတယ်။ အဲလမ်းပိုင်းကျတော့ ဒေသခံ PDF ထောင်ထားတဲ့ နင်မိုင်း၊ တိုက်မိုင်းတွေ ပေါက်ကွဲတာ။ အသံတွေကတော့ ဆူညံနေတာပဲဗျ။ သူတို့ဘက်က ထိလို့ ရွာတွေဘက်ကို လက်နက်ကြီးနဲ့ပစ်ခတ်တာတွေလုပ်တယ်ဗျ။ အဲလိုပစ်လို့ မောက်ပက်ကျေးရွာက အသက် ၃၀ အရွယ် အမျိုးသမီးတဦး ကျည်ထိမှန်ထားတယ် သိရတယ်။”
အခုလို စစ်ကောင်စီတပ်က ရေဦး-ခင်ဦးလမ်းဘေးက ကျေးရွာတွေကို လက်နက်ကြီးနဲ့ ပစ်ခတ်တာကြောင့် ကျေးရွာ ၅ ရွာက ပြည်သူတွေ နေရပ်စွန့်ခွာပြီး ဘေးလွတ်ရာ ထွက်ပြေးနေရတယ်လို့ ဆိုပါတယ်။
KSO အဖွဲ့ဝင်တဦးက “သူတို့ ဒီလိုမိုင်းရှာတာကို အကြောင်းပြပြီး စစ်ကြောင်းထိုးလာမယ် ဆိုတာကို သိလို့ ကျနော်တို့ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေက ဒေသခံတွေကို လမ်းမပေါ်မတက်ဖို့ အရေးပေါ်ကြေညာချက်ထုတ်ပြန်ထားရတယ်။ အဲလိုထုတ်ပြန်ပြီး ကြိုတင်ပြင်ဆင်တာတွေ လုပ်ဆောင်ပြီး အသင့်စောင့်နေတယ်။ သူတို့လာတာနဲ့ တိုက်မိုင်း၊ Drone တွေနဲ့ တိုက်ခိုက်ခဲ့တာဗျ။ ၁၂ ကောင် သေတယ်၊ ၇ ကောင် အနည်းဆုံးဒဏ်ရာရသွားတယ်။ ကျနော်တို့ဘက်ကတော့ ရဲဘော်တဦး ပျောက်ဆုံးနေတယ်။ သူနဲ့အတူပြန်လာတဲ့သူတွေကတော့ ကံသစ်ရွာအနီးက မူမြောင်းကို ကူးရာမှာ ရေနစ်နေခဲ့တာဖြစ်နိုင်တယ်လို့တော့ ပြောတယ်ဗျ။ အဖွဲ့အနေနဲ့ မူမြောင်းထဲရှာဖွေရာမှာတော့ အလောင်းရှာမတွေရဘူး။ စစ်ကောင်စီက နောက်ကလိုက်ပစ်တာခံရလို့ ပြေးမိပြေးရာပြေးတာလည်း ဖြစ်နိုင်တယ်။ ကျနော်တို့ ဒေသခံရဲဘော်လေး ဘာမှမဖြစ်ပါစေနဲ့” လို့ ပြောပါတယ်။
စစ်ကောင်စီဟာ စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းအတွင်းက တိုက်ပွဲသတင်းတွေကို ထုတ်ပြန်လေ့မရှိဘဲ အခုဖြစ်စဉ်အတွင်း ထိခိုက်ကျဆုံးအခြေအနေကို ဒီဗွီဘီက သီးခြားအတည်မပြုနိုင်သေးပါဘူး။
စစ်ကောင်စီတပ်ဟာ စက်တင်ဘာ ၁၉ ရက်ညက ခင်ဦးမြို့နယ် ကံသစ်ရွာမှာ တပ်စွဲနေထိုင်တယ်လို့ ဒေသခံတွေက ပြောပါတယ်။