ရက္ခိုင့်တပ်တော်(အေအေ)ထံကို စစ်ကောင်စီဘက်က တပ်ဖွဲ့ဝင် အယောက် ၁၀၀ နီးပါးလောက် အလင်းဝင်ထားပြီး နောက်ထပ် ပြည်သူ့ရင်ခွင် ခိုလှုံမယ့်သူတွေကိုလည်း ဖိတ်ခေါ်တယ်လို့ ရခိုင်အမျိုးသားအဖွဲ့ချုပ်/Arakan Army (ULA/AA) ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက စက်တင်ဘာ ၁၉ ရက် သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
လတ်တလော ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်ထဲက စစ်ကောင်စီစစ်ကြောင်းတွေက လက်နက်ခဲ ယမ်းတွေနဲ့ ပူးပေါင်းလာတဲ့ အရာရှိစစ်သည် ၁၀ ယောက်ထက်မနည်း ရှိပြီး တခြားမြို့နယ်တွေမှာလည်း စစ်ကောင်စီဘက်က လက်နက်ခဲယမ်းတွေနဲ့ ပူးပေါင်းလာတာတွေရှိလို့ အရေအတွက် အနေနဲ့ ကတော့ ရာဂဏန်းလောက်ရှိတယ်လို့ ဦးခိုင်သုခက ပြောဆိုပါတယ်။
အဲဒီပူးပေါင်းလာသူတွေဟာ တိုက်ပွဲ မဖြစ်ခင်က လာရောက်ပူးပေါင်းသူတွေရှိသလို တိုက်ပွဲတွေ ဖြစ်ပြီးတဲ့နောက် ရက္ခိုင်တပ်တော်(အေအေ)ဆီမှာ လာရောက် ပူးပေါင်းသူတွေက ပိုမိုများပြား လာတယ်လို့ ဆိုပါတယ်။
စစ်ကောင်စီဘက်က ထပ်မံအလင်းဝင်ဖို့ ULA/AA ကိုဆက်သွယ်လာသူတွေလည်း အများအပြား ရှိနေပြီး ပူပေါင်းလာသူတွေကိုလည်း ကောင်းကောင်းမွန်မွန်စောင့်ရှောက်ပေးထားကာ ထပ်မံ ပူးပေါင်းလိုတဲ့ စစ်ကောင်စီတပ်သားတွေကို ဖိတ်ခေါ်ထားပါတယ်။
စစ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီတပ်ကို အာဏာဖီဆန်ပြီး ပြည်သူ့ရင်ခွင် ခိုလှုံလာတဲ့ စစ် သားနဲ့ ရဲတပ်ဖွဲ့ဝင် အရေအတွက် သောင်းနဲ့ချီရှိနေပြီ ဖြစ်ပါတယ်။
လက်ရှိမှာတော့ စစ်ကောင်စီရဲ့ လုပ်ရပ်တွေကို မလိုလား မနှစ်မြို့ကြတဲ့ အရာရှိ၊ စစ်သည်တွေ၊ ရဲတပ်သားတွေဟာ စစ်အာဏာရှင်ရဲ့ လက်ကိုင်တုတ်အဖြစ်က ရုန်းထွက်ပြီး ပြည်သူ့ဘက် ကူးပြောင်းရပ်တည်လာတာ တဖြည်းဖြည်း များပြားလာနေတာပါ။
တပ်မတော်က စစ်ဗိုလ်ချုပ် တစုရဲ့ ခါးပိုက်ဆောင်တပ်အဖြစ်မှ ရုန်းထွက်ပြီး ပြည်သူ့ရင်ခွင် အမြန်ဆုံး ခိုဝင်ကြဖို့ တပ်မတော်သားတွေ၊ ရဲတပ်သားတွေကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က လည်း တိုက်တွန်းနှိုးဆော်ထားပါတယ်။
ဒါ့အပြင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေဖြစ်ကြတဲ့ ကချင်လွတ်မြောက်ရေး တပ်မတော် (ကေအိုင်အေ)နဲ့ ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) တို့လို အဖွဲ့အစည်းတွေကလည်း စစ်အာဏာရှင်ဆန့်ကျင်ကာ ပူးပေါင်းလိုတဲ့ ရှေ့တန်းရောက် မြန်မာ့တပ်မတော်သားတွေ၊ ရဲတပ်သားတွေကို လက်ကမ်းကြိုဆိုနေကြပါတယ်။