ကရင်နီ(ကယား) ပြည်နယ်၊ လွိုင်ကော်မြို့နယ်၊ နွားလဝိုင်းနဲ့ ပဒါးညေးကျေးရွာအနီး စက်တင်ဘာ ၁၇ ရက် မွန်းလွဲပိုင်းက တိုက်ပွဲဖြစ်ပွားခဲ့ပြီး အရပ်သား တယောက် သေဆုံးကာ နှစ်ယောက် ထိခိုက်ခဲ့သလို နေအိမ်တလုံး မီးရှို့ဖျက်ဆီးခံခဲ့ရသလို ဒေသခံ ၆ ယောက် ဖမ်းဆီးခံခဲ့ရပါတယ်။
စက်တင်ဘာ ၁၇ ရက် မွန်းလွဲပိုင်းက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ကရင်နီပူးပေါင်းတပ်တွေ ဖြစ်တဲ့ KNDF/B-02,KNDF/B-12,KA တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့တာဖြစ်ပြီး အဆိုပါနေ့မှာ စစ်ကောင်စီဘက်ကပစ်ခတ်တဲ့ လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် ပဒါးညေးကြေးရွာက အမျိုးသမီးတယောက် သေဆုံးခဲ့ရသလို ကလေးတယောက်နဲ့ လူကြီး တယောက်လည်း ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။
ဒါ့အပြင် နေအိမ်တလုံး မီးလောင်ပျက်စီးသွားခဲ့ရပြီး နွားလဝိုးကျေးရွာက ပြည်သူ ၆ ယောက် ဖမ်းဆီးခံခဲ့ရပြီး မနေ့က ပြန်လည်လွတ််မြောက်ာလာကြောင်း ဒေသခံတဦးက ပြောပါတယ်။
“ဖမ်းခံရတာက အမျိုးသား၂ ဦးနဲ့ အမျိုးသား ၄ ဦးကို ဖမ်းသွားတာ။ ဒါပေမဲ့ မနေ့ညက ပြန်လွှတ်ပေးလိုက်ပြီ။”
ဒါ့အပြင် ကျေးရွာတွင်း တိုက်ပွဲဖြစ်ပွားနိုင်တာကြောင့် နွားလဝိုးမှာ နေထိုင်တဲ့ ပြည်သူတွေ မနေ့ နေလယ်ပိုင်းလောက်ကစပြီး နီးစပ်ရာဆီကို စစ်ရှောင်ထွက်သွားကြရတယ်လို့လည်း အဲဒီဒေသခံက ပြောပါတယ်။
“နွားလဝိုးကလူတွေက တချို့စက်မှုဇုန်ဘက်၊ တချို့ လွိုင်ကော်မြို့တွင်းက မိုင်းလုံး၊ ပိုဇာခြံနဲ့ ဒေါဥခူလို ဆွေမျိုးနီးစပ်ရာမှာ သွားရောက်ခိုလှုံနေကြပါတယ်။”
တိုက်ပွဲမှာ လက်နက်ကြီးထိမှန်လို့ နွားလဝိုး ဘုရာကျောင်းခန်းမဆောင် ပျက်စီးသွားခဲ့သလို တချို့ နေအိမ်တွေလည်း ပျက်စီးတာတွေရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် (KNDF B-02) ကတော့ လွိုင်ကော်ဘက်ကနေ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီနဲ့ သုံးနာရီကြာ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ စက်တင်ဘာလ ၁၇ ရက်က ထုတ်ပြန်ထားပြီး အဲဒီနေ့ တိုက်ပွဲမှာ KNDF B-02 က ရဲဘော်တစ်ဦး ကျဆုံးခဲ့ရကြောင်း ထုတ်ပြန်ထားပါတယ်။
အဆိုပါနေ့တိုက်ပွဲမှာ စစ်ကောင်စီဘက်က ၃ ယောက် သေဆုံးခဲ့သလို ထိခိုက်ဒဏ်ရာရရှိသူ များပြားရှိခဲ့ကြောင်းလည်း ထုတ်ပြန်ထားပါတယ်။