Home
ဆောင်းပါး
စစ်ကျွန်ဘ၀ကနေ စစ်ကျွန်ဘ၀ကို ထပ်ပို့ပေးမယ့် စစ်အာဏာရှင်တည်မြဲရေး ရွေးကောက်ပွဲ
DVB
·
September 19, 2022
305572720_1099602930670776_7795181733735522993_n

၁၉၆၂ ခုနှစ်မှာ၊ စစ်အာဏာရှင်နေ၀င်းက အာဏာသိမ်းလိုက်တယ်။ တော်လှန်ရေးကောင်စီဖွဲ့ပြီး နေဝင်းက သူ့ဟာသူ ဥက္ကဋ္ဌအဖြစ် ခံယူလိုက်တယ်။ အာဏာကို ယစ်မူးပြီး တိုင်းပြည်ကို သူ အမွေရထားသလို လုပ်ချင်သလို လုပ်တယ်။  ဖြုန်းချင်သလို ဖြုန်း၊ သုံးချင်သလိုသလိုသုံး၊ ရမ်းချင်သလိုရမ်းပြီး ၀တော့ ၁၀ နှစ် အကြာမှာ မြန်မာ့ဆိုရှယ်လစ်ပါတီ (မဆလ)ကို ထူထောင်လိုက်တယ်။  နေဝင်းပဲ ပါတီဥက္ကဋ္ဌလုပ်လိုက်တယ်။ ဘောင်းဘီချွတ်လိုက်တယ်ပေါ့။

အဲ့ဒီတော့ ၁၉၇၂ ဖြစ်သွားပြီပေါ့။ အဲ့ဒါမှာအခြေခံဥပဒေရေးဆွဲတယ်။ တပါတီ အာဏာရှင်စနစ် ထာ၀ရတည်တန့်ရေးကို ရှေးရှုပြီး ရေးဆွဲခဲ့တာပေါ့။  ဒီဘက်ခေတ်က သန်းရွှေက အဲ့ဒါကို ပုံတူကူးချတာ တပုံစံတည်းပဲ။

၁၉၈၈ မှာ တနိုင်ငံလုံးအုံကြွမှုဖြစ်ပြီး၊ မဆလစစ်ပါတီ(တပါတီ) အာဏာရှင်နေဝင်း ပြုတ်ကျသွားတယ်။ ဒါပေမဲ့ နေဝင်းက  သူနဲ့ စိတ်ဓာတ်ရော၊ ရုပ်ရော၊ အကျင့်ရောတူတဲ့ သူလို စစ်သားတကောင်လက်ကို အပ်ခဲ့ပြီး ကန့်လန့်ကာနောက်ကွယ်ကိုပဲဝင်သွားတာ။ အဲ့ဒိစစ်သားက စိန်လွင်နောက်တော့ ဒေါက်တာမောင်မောင်၊ စောမောင်၊  သန်းရွှေပေါ့။ လူ ၄ ယောက်ပြောင်းပြီး ကစားသွားခဲ့ပေမဲ့ အဲဒီအချိန်အထိ နေဝင်းပါပဲ။ နောက်ဆုံး ဆန်ခါတင်ကတော့  သန်းရွှေပေါ့။

သူတို့ ၄ ယောက်ကလည်း ၁၉၈၈ ကနေ ၁၉၉၀ ပြည့်နှစ်အထိ နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့ (နဝတ) အရပ်ခေါ် (ငြိမ်ပိ)အဖွဲ့နဲ့ နိုင်ငံတော်အေးချမ်းသာယာရေးနဲ့ ဖွံ့ဖြိုးရေးကောင်စီ ( နအဖ) ဆိုပြီး နှစ်ဖွဲ့ပြောင်းပြီး အာဏာရှင် ၄ ယောက်က ၂ နှစ်အချိန်စွဲ အုပ်ချုပ်သွားခဲ့ပြန်ပါတယ်။ အဲ့ဒိမှာ အဓိက က သန်းရွှေပေါ့။

စစ်အာဏာရှင်အလိုကျ ပထမဆုံး ရွေးကောက်ပွဲ (သို့)  နိုင်ရင်ယူမယ် ရှုံးရင်မပေးဘူး

(၁) 

၁၉၉၀ ကျတော့ နည်းနည်းများသွားပြီ မလုပ်လို့မရတော့ဘူး။ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေ၊ ရဟန်းသံဃာတွေ၊ ကျောင်းသားတွေ၊ကျောင်းသားသမဂ္ဂတွေ များစွာအသက်တွေပေးစပ် ခဲ့ရ၊ထောင်တတွေကျပြီး ၊ဘ၀တွေပျက်ခဲ့ရ၊ စစ်ကျောရေးမှ ာအသက်တွေပေးစပ်ခဲ့ရပြီး မှ၊နိုင်ငံတကာဖိအားတွေ ၊ ကုလသမဂ္ဂလုံခြုံရေးကောင်စီဆုံးဖြတ်ချက်တွေ၊ Sanction စီး ပွားရေးပိတ်ဆို့မှုတွေဖြစ်ပြီး တိုင်းပြည် ပြာပုံကျခါနီးကျမှ အခုလိုပဲ ရွေးကောက်ပွဲ လုပ်မယ်ဆိုပြီး၊ အသံကောင်းဟစ်ခဲ့တာ။

အဲ့ဒီတုန်းကလည်း ရွေးကောက်ပွဲ ဥပဒေကို အရင်ရေးဆွဲပြီး၊ အပိုင်ချည်ပြီးမှ လုပ်မယ်လို့ ကြေညာတာ၊ အဲ့ဒီမှာ မြန်မာနိုင်ငံမှာ တဆက်စပ်တည်း ၁၀ နှစ်နေသူ၊ တည်ဆဲဥပဒေအရ ထောင်ကျနေသူ၊ နိုင်ငံခြားသားမိသားစုဝင်ဖြစ်သူတွေကို ရွေးကောက်ပွဲ၀င်လို့မရအောင်၊ ရွေးကောက်ပွဲဥပဒေထဲမှာထည့်ပြီး ရေးစွဲပြီးမှ ရွေးကောက်ပွဲလုပ်တာ၊ အဲ့ဒိတော့ ထောင်ထဲ ရောက်နေတဲ့ နိုင်ငံရေးသမားတွေ၊ အမှုရင်ဆိုင်နေရတဲ့ နိုင်ငံရေးတက်ကြွသူတွေ ကျောင်းသားတွေ၊ သမဂ္ဂတွေ အပါအဝင် တတိုင်းပြည်လုံးက မျှော်လင့်နေတဲ့ ဒေါ်အောင်ဆန်းစုကြည်ပါ အဲ့ဒိရွေးကောက်ပွဲ ဝင်လို့မရတော့ပါဘူး။

ဒါပေမဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က အဲ့ဒီရွေးကောက်ပွဲကို၀င်ပြိုင်ခဲ့ပါတယ်၊ အနိုင်ရခဲ့ပါတယ်၊ ပြည်သူတွေကတော့ အတိုင်းအစမရှိပျော်ကြတာပေါ့၊ အဲ့ဒီတုန်းက (မဆလ) ပါတီကနေ( တစည) ပါတီကိုအရောင်ပြထားတာ၊ အဲ့ဒီ (တစည)ပါတီက နေရာတိုင်းနီးနီးမှာရှုံးနိမ့်ခဲ့တာ။

သူတို့ထင်ထားတာက၊ သူတို့နိုင်မယ်ထင်တာ၊ အဲ့ဒီအချိန်ကတည်းက ဝန်ထမ်းတွေ၊ စစ်တပ်တွင်းက လက်နက်ကိုင်အောက်ခြေတပ်သားတွေ၊ အားလုံးလိုလိုက အကြောက်တရားတွေရှိနေခဲ့ပေမဲ့၊ သူတို့ (တစည)ပါတီကိုမဲမပေးဘဲ (NLD) ပါတီကို မဲပေးခဲ့ကြတာကြောင့် အရှုံးကြီးရှုံးခဲ့တာပေါ့၊ သူတို့မှန်းချက်နဲ့ နှမ်းထွက်မကိုက်တော့ဘူး၊ ဒါပေမဲ့ သူတို့မတုန်လှုပ်ပါဘူး။ သူတို့မှာ Second Plan-Third  Plan တွေရှိပြီးသားပါ။ အဓိက က NLD ကို အာဏာမလွဲ ပေးချင်ဘူးလေ၊ သူတို့ခွေးဖြစ်မှာမို့၊ အာဏာလက်လွှတ်ရမှာမို့။

ခွေးဖြစ်မှာဆိုတာက အဲ့ဒိအချိန်တုန်းက တကမ္ဘာလုံးမှာ အမေရိကန်ပြည်ထောင်စုရဲ့ နိုင်ငံခြားရေး ရာမူဝါဒမှာ လူသားတမျိုးနွယ်လုံးရဲ့အသက်အန္တရာကို ခြိမ်းခြောက်နေတဲ့ မည်သူ့ကိုမဆို မည်သည့်နိုင်ငံရဲ့ အချုပ်အခြာအာဏာကိုမဆို ကျူးလွန်ဖို့ကို (Hot persuade) အပူတပြင်းလိုက်လံနိုမ်နင်းမယ်ဆိုတဲ့ နိုင်ငံခြားရေးမူဝါဒတခုရှိခဲ့ပြီး လက်တွေ့မှာလည်း နိုင်ငံတကာ မူးယစ်ရာဇာတွေကို လိုက်လံဖမ်းဆီးအပြစ်ပေးတာတွေ  လုပ်နေခဲ့တာကြောင့် စစ်အာဏာရှင် သန်းရွှေက ကြောက်လန့်ပြီး၊ ဘိန်းရာဇာခွန်ဆာကို အလင်းဝင်ခိုင်းကာ ရန်ကုန်မြို့မှာ ဖွက်ထားပေးခဲ့သေးတာ ကြားမိကြမှာပေါ့။ မဖွက်ပေးလို့မရဘူးလေ၊ အမေရိကန်အစိုးရက   ခွန်ဆာ ရှိတဲ့နေရာကိုပြောနိုင်ရင် ဆုငွေဒေါ်လာ အမြောက်အမြားပေးမယ်လို့ Wanted ထုတ်ထားတာလေ၊ ခွန်ဆာကိုမိရင်၊ ခွန်ဆာကလည်းဖေါ်မှာ သူနဲ့အတူ ဘိန်းဖြူရာဇာတွေက သန်းရွေ၊ နေဝင်းတို့ပါ အမှုတွဲပြီးသားပဲဆိုတာပဲ၊ သန်းရွှေကလည်း လည်ပ၊ ခွန်ဆာကို အလင်းဝင်ခိုင်းပြီး ရန်ကုန်မြို့မှာ ဝှက်ပေးထားလိုက်တယ်။

သူတို့အပိုင် Plan အဆင့်ဆင့်နဲ့ လုပ်တဲ့ရွေးကောက်ပွဲကြီးကလည်း ခွက်ခွက်လန်အောင်ကို  ရှုံးသွားခဲ့ပါပြီ၊ NLD ကိုအာဏာလွဲလိုက်ပေါ့၊ လုံး၀ပါပဲ၊ သန်းရွှေက စောက်ရူးမှ မဟုတ်တာ၊။

ခလေးကွက်တွေထုတ်သုံးရတာပေါ့၊ အခု ကျင်းပတဲ့ ၁၉၉၀ ရွေးကောက်ပွဲမှာ အနိုင်ရတဲ့ ပါတီတွေက အခြေခံဥပဒေကိုရေးဆွဲရမှာတဲ့၊ အဲ့ဒိအတွက်လူရွေးတာဆိုပြီး အာဏာလွှဲမပေးဘူးလေ၊ လွှဲမပေးရုံတင်မက အနိုင်ရလွှတ်တော်ကိုယ်စားလှယ်တွေကိုလည်း လိုက်လံဖမ်းဆီးပြီး နှစ်ရှည် ထောင်တွေ ချခဲ့သေးတာမှတ်မိကြမှာပေါ့။

(၂) 

အဲ့ဒိလိုအချိန်ဖြုန်းရင်း၊ အာဏာယစ်မူးရင်းနဲ့ပဲ  စစ်ကျွန်သက်ကိုဆက်ပြီး စွဲဆန့်ခဲ့ပြန်တယ်။ စစ်ဗိုလ် သန်းရွှေပဲ ဆက်အုပ်ချုပ်ပေါ့ ၁၉၉၀ ကနေ ၂၀၀၈ ရောက်တဲ့ အထိပေါ့။ အဲ့ဒိကာလတွေမှာလည်း တိုင်းပြည်က ပြာပုံအတိ နီးနီးဖြစ်ခဲ့ရပေမဲ့ စစ်အာဏာရှင်တွေကတော့၊ အာဏာ ၊ စည်းစိမ်ယစ်မူးပြီး၊ ထိုင်ခုံကနေဆင်းမပေးချင်ကြတော့ဘူး။ အဲ့ဒိအချိန်မှာလည်း နိုင်ငံတကာ ဖိအားတွေကများလာတော့ UN Pressure, Senction၊ စီးပွားရေးပိတ်ဆိုမှုတွေကို လျှော့ချဖို့အတွက် အကွက်တကွက် ထုတ်သုံးရတော့တာပေါ့။ အဲ့ဒါက  ၂၀၀၈ ခြေဥကြီးရေးဆွဲ အတည်ပြုမယ်ပေါ့  အဲ့ဒါကလည်း အချိန်ကိုက် နာဂစ်မုန်တိုင်းကြီး တိုက်နေတဲ့အချိန်၊ ဧရာ၀တီတိုင်းတခုလုံးနီးပါး၊ အသက်ဘေး လုနေချိန်မှာပဲ အခြေခံဥပဒေကို မြန်မာနိုင်ငံ လူဦးရေရဲ့ ၉၇ ရာခိုင်နှုန်း ကျော်က တခဲနက် ထောက်ခံ တယ်ဆိုပြီး၊ သူတို့စိတ်ကြိုက်ရေးစွဲထားတဲ့၊အခြေခံဥပဒေကို အတည်ပြုလိုက်တယ်။

အတည်ပြုပြီး ၂၀၁၀ မှာ ရွေးကောက်ပွဲ ဥပဒေကို စစ်ဗိုလ်တွေ စိတ်ကြိုက်ရေးဆွဲခဲ့တ။ ရွေးကောက်ပွဲ  နိုင်ကိုနိုင်ရမယ်ဆိုပြီး(Plan ) အဆင့်ဆင့်ချတယ်၊ တကယ်လို့မနိုင်ခဲ့ရင်လည်း ပြိုင်ဘက် NLD ပါတီ အစိုးရဖွဲ့လို့မရအောင် စီမံကိန်းချထားတယ်၊ ရွေးကောက်ပွဲမှာ ဝင်ပြိုင်စရာမလိုဘဲ  စစ်ဗိုလ်တွေကို ကိုယ်စားလှယ်အဖြစ် ၂၅ ရာခိုင်နှုန်း လွှတ်တော်ထဲမှာ အမတ်ဖြစ်နေစေရမယ်ဆိုတာတွေအထိ ရေးဆွဲထားပြီးမှ ရွေးကောက်ပွဲထလုပ်တယ်။

အဲဒိလိုလုပ်နေရင်းကနေ တဖက်ကလည်း ၂၀၁၀ ပြည့်နှစ်  ဧပြီလမှာပဲ  ဦးသိန်းစိန် အပါအဝင် စစ်အရာရှိ ဝန်ကြီး ဒုဝန်ကြီး စစ်ဗိုလ်ချုပ် ၂၇ ယောက်တို့ ဘောင်ဘီချွတ်ပြီး ကြံခိုင်ရေးပါတီ တည်ထောင်လိုက်တယ်။ ရွေးကောက်ပွဲကို  နိုဝင်ဘာ ၇ ရက်နေ့ မှာလုပ်လိုက်ပြီးမှ နိုဝင်ဘာ ၁၃ ရက် နေ့မှာ ဒေါ်အောင်ဆန်းစုကြည်ကိုတော့ နေအိမ်အကျယ်ချုပ်ကနေ ပြန်လည်လွှတ်ပေးခဲ့တယ်။

အဲ့ဒိမှာ စစ်ဗိုလ်ချုပ် သိန်းစိန် သမ္မတဖြစ်ပြီး၊အာဏာရသွားတာ။ စစ်ဗိုလ်ချုပ်တွေ ၊ အသေအချာရေးဆွဲထားတဲ့ (၂၀၀၈-ခြေဥ)အောက်မှာ တဖက်ပြိုင်ဘက်ကို ဖမ်းထားပြီးမှ ပြိုင်ပွဲလုပ်ရဲတာ၊ အဖမ်းမခံထားရရင်လည်း ဒေါ်အောင်ဆန်းစုကြည်ဝင်ပြိုင်လို့မရအောင် ၁၀ နှစ် တဆက်တစပ်တည်း မြန်မာပြည်မှာနေမှဆိုတဲ့ ဥပဒေနဲ့လည်’ ထိန်းချုပ်ပြီးသား၊ နိုင်ငံရေးတက်ကြွတွေ၊ နိုင်ငံရေးသမားတွေအများစုကိုလည်း ဖမ်းဆီးထားပြီးမှ လုပ်ရဲတဲ့ ရွေးကောက်ပွဲ၊ သူတို့ စစ်ဗိုလ်တွေပဲ နိုင်ပြီး၊ သိန်းစိန် အာဏာရသွားတော့၊ အာဏာလွဲတာပေါ့။

NLD ပါတီကတော့ ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲကို ပြန်လည်ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး  စုစုပေါင်း  ၄၄ နယ်မြေဝင်ရောက်ခဲ့ရာမှာ  ၄၃ နေရာ အနိုင်ရခဲ့ပြီး၊  လွှတ်တော်ထဲကို NLD အမတ်တွေ စတင်ဝင်ရောက်နိုင်ခဲ့ပါတယ်၊။

အဲ့ဒိနောက် ၂၀၁၅ ရွေးကောက်ပွဲကြီးမှာတော့၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်  NLD  က တောင်ပြိုကမ်းပြိုနိုင်ခဲ့ပြီး၊ အစိုးရဖွဲ့နိုင်ခဲ့ကာ စစ်အုပ်စုကို မျက်ဖြူစိုက်စေခဲ့ပါတယ်။ ဒါပေမဲ့ ပြည်သူမဲမပေးထားတဲ့  စစ်ဗိုလ်အုပ်စုတစုကတော့ (ဥပဒေအရ)မဲအလကားရပြီး၊ လွှတ်တော်ထဲမှာ မျက်နှာပြောင်စွာနဲ့ ဝင်ထိုင်နေခဲ့ပါတယ်၊ ၂၀၁၅ ကနေ ၂၀၂၀ ထိ၊  NLD ပါတီက တဖြည်းဖြည်းချင်း ၂၀၀၈ အခြေခံဥပဒေကို၊ အခြေခံဥပဒေရဲ့အောက်ကနေပြီး ဥပဒေနဲ့အညီ ပြင်ဆင်လာလိုက်တာ၊ တွေ၊ စစ်အသုံးဘတ်ဂျတ်တွေ လျှော့ချလိုက်တာတွေ၊ ပြည်ထဲရေး၊ထွေအုပ်တို့ကို ၊စစ်တပ်အောက်က ဖယ်ထုတ်လိုက်တာတွေအထိလုပ်ပြလိုက်တော့၊ လွှတ်တော်ထဲက စစ်ဗိုလ်တွေက သူတို့ကို  အနိုင်ကျင့်တယ်၊ နှိမ်တယ်ဆိုပြီးပြောလာရတဲ့အထိ ရှက်စရာဖြစ်လာခဲ့ပါတယ်၊

အဲ့ဒိအပြင် လွတ်တော်အသံပြည်သူ့အသံ ဆိုတဲ့ (Slogan)နဲ့ ပြည်သူ့ အသံထွက်တဲ့ လွှတ်တော်ဖြစ်ဖို့ကို တဖြေးဖြေးနဲ့   NLD က ပြုပြင်ပြောင်းလဲရေးတွေလုပ်နေတော့၊ ပြည်သူတွေ၊ပြည်သူ့ဝန်ထမ်းတွေ အသံထွက်ရဲလာကြတာပေါ့၊ တသက်လုံးကမပြောရဲကြတဲ့ အရပ်ဘက်ဝန်ထမ်းတွေတောင် ဘောင်းဘီချွတ် စစ်တပ်အသွင်ပြောင်း (ဝါ) နှစ်သီးစားတွကို အရပ်ဖက်ဌာနတွေကို  မပို့ရေးလက်မခံရေးတွေအထိ ရုံးတွင်းကမ်ပိန်းတွေလုပ်ပြီး၊ ဌာနဆိုင်ရာတွေမှာ စစ်ဗိုလ်တွေလက်မခံရေးလှုပ်ရှားမှုတွေပါ လုပ်ကိုင်လာကြတော့ အရင်ကတည်းက စစ်တိုက်ဖို့၊ လူသတ်ဖို့၊ လူမျိုးရေးခွဲခြားဖို့၊ စစ်အာဏာထာ၀ရ တည်မြဲဖို့၊ စီးပွားဖြစ်ဖို့လောက်ပဲ သင်ယူလာရတဲ့ စစ်ဗိုလ်တွေဟာ သူတို့ ဩဇာအာဏာကျဆင်းလာတာတွေ၊ တဖြည်းဖြည်းနဲ့ စစ်တန်းလျားကိုပြန်ရတော့မှာတွေကိုကြောက်ပြီး၊ အာဏာသိမ်းဖို့ ဆင်ကြံကြံနေခဲ့တာပေါ့။

စစ်အာဏာရှင်နိဂုံးချုပ်တော့မယ့် ရွေးကောက်ပွဲ

၂၀၂၀ ရွေးကောက်ပွဲကြီးစတော့မယ်လို့  ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ၂၀၂၀ ဇွန်လ ၄ ရက်နေ့မှာ ပြောကြားခဲ့ပြီး မဲဆန္ဒရှင် ၃၇ သန်းရှိကြောင်းထုတ်ဖော်ပြောကြားခဲ့ကာ နိုဝင်ဘာလ ၈ ရက်မှာ ရွေးကောက်ပွဲ ကျင်းပခဲ့ပါတယ်။

အဲ့ဒိရွေးကောက်ပွဲမှာ ပါတီပေါင်း ၉၁ ပါတီ ဝင်ပြိုင်ခဲ့ကြပေမဲ့ အဓိက  ကတော့  ပါတီကြီး ၂ ခုဖြစ်တဲ့ NLD နဲ့ ကြံခိုင်ရေးပါတီတို့ရဲ့ပြိုင်ပွဲဖြစ်ပါတယ်၊ အဲ့ဒိမှာလည်း ရွေးကောက်ပွဲ မစခင်ကတည်းက  NLD နဲ့ ရွေးကောက်ပွဲစောင့်ကြည့်အဖွဲ့တွေ၊ အရပ်ဖက်အဖွဲ့အစည်းတွေက ဝိုင်းပြီးထောက်ပြ လိုက်တော့၊ စစ်တပ်တွေထဲက မဲရုံတွေအပြင်ထွက်ရမယ်၊ စစ်တပ်တွေထဲမှာ မဲရုံမထားရဘူးတွေ စဖြစ်လာတော့ မလှုပ်သာတော့ဘဲ လက်ခံပေးလိုက်ရကတကည်းက စစ်ဗိုလ်တွေ မာန်စောင်နေတာ၊ နောက်ဆုံး တောင်ပြိုကမ်းပြို NLD အနိုင်ရပြီး၊ အရှုံးကြီးရှုံးသွားတော့၊ ဒီတကြိမ်ဆိုရင် လွှတ်တော်ထဲမှာ စစ်ဗိုလ်တွေ၊ မောင်းထုတ်ခံရတော့မယ်ဆိုတာကိုကြိုသိနေတော့၊ ရှေ့က စစ်ဗိုလ်ချုပ်ကြီးတွေ ချပေးထားတဲ့ အကွက်အတိုင်း အာဏာကောက်သိမ်းပြီး စစ်အာဏာရှင်စနစ်ကို တကျော့ပြန်အသက်သွင်း လိုက်တော့တာပေါ့။ အကြောင်းပြချက်ကတော့၊ မဲစာရင်းတွေ လွဲမှားတာ၊ မဲခိုးတာတွေလုပ်တဲ့အတွက် တိုင်းပြည်ကို ချောက်ထဲမကျအောင်ကယ်တယ်ပေါ့။

အနိုင်ရ၊အရွေးချယ်ခံထားရတဲ့ ပြည်သူ့ကိုယ်စားလှယ်တွေကို ဖမ်းထောင်ချ၊ ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့တွေ၊ မဲရုံမှူးတွေကို ဖမ်းဆီးခြိမ်းခြောက်လက်မှတ်ထိုးခိုင်းတာတွေလုပ်ပြီး ထုံးစံအတိုင်း လိမ်တော့တာပေါ့၊ ပြည်သူတရပ်လုံးက လက်မခံနိုင်တော့ ငြိမ်းချမ်းစွာ တောင်းဆိုဆန္ဒပြတော့ သေနတ်နဲ့ပစ်သတ်၊ ထောင်ချ၊ စစ်ကြောရေးမှာသတ်၊ လမ်းလယ်ခေါင်မှာလည်းသတ်ပြီး မလုပ်ရဲတာဘာမှမရှိဘူးလို့ လူရမ်းကားစကားတွေပြောကာ ပြည်သူတွေကို ဒုက္ခပေးလာခဲ့တာ အခုဆိုရင် စစ်ကောင်စီက သတ်တဲ့ လူဦးရေက သောင်းဂဏန်းကျော်အထိဖြစ်လာတာကို AAPP  စာရင်းအရသိနိုင်ပါတယ်။

(၃)

အခုလည်း ရွေးကောက်ပွဲလုပ်ဖို့ ပြင်နေပြန်ပါပြီ၊ အနိုင်ရ လွှတ်တော်ကိုယ်စားလှယ်တွေလည်း ထောင်ထဲမှာ၊ လွတ်မြောက်နယ်မြေတွေမှာ၊ တောထဲမှာ၊ EAO တွေထံမှာ၊ ထွက်ပြေးတိမ်းရှောင်နေအောင် ဖန်တီးထားပြီး နောက်ထပ်ရွေးကောက်ပွဲလုပ်မယ်ဆိုတဲ့ခလေးကွက် တွေလုပ်နေပြန်ပါပြီ။ မမှတ်သေးတဲ့ သူတွေ၊ ပွဲလန့်တုန်းဖျာခင်းမယ့်သူတွေနဲ့၊ စစ်တပ်လော်ဘီတချို့ကတော့ စစ်ကောင်စီလုပ်မယ့် ရွေးကောက်ပွဲအတွက် အသင့်ပြင်နေကြပြီ ကစားပွဲ ဟောင်းကြီးကိုပဲ အရင်လုပ်ထုံးလုပ်နည်းတွေအတိုင်း၊ ပြန်အသက်သွင်းဖို့လုပ်နေတာပါ၊

အဲ့ဒီရွေးကောက်ပွဲက ဖြစ်ကောဖြစ်မှာလား၊ စစ်ကိုင်းတိုင်း၊ ရခိုင်ပြည်နယ်မှာ ဘယ်လို ကျင်းပမှာတုန်း ကရင်ပြည်နယ်၊ မကွေးတိုင်းမှာကော ဘယ်နှစ်နေရာ လုပ်နိုင်မှာတုန်း ကချင်၊ ချင်းဒေသတွေမှာကော၊ တိုင်းနဲ့ ပြည်နယ် ၁၄ ခုမှာ ၇ ခုမှာတောင် လုပ်နိုင်ဖို့မရှိပဲ လေကျယ်နေပြန်ပြီ။ ရွေးကောက်ပွဲ လုံခြုံရေး ဘယ်လောက်တာဝန်ယူနိုင်သလဲ၊ လတ်တလော ၊မဲရုံတွေကို လက်နက်ကိုင်တွေ ဘယ်လိုလာစောင့်ရှောက်လို့ရမလဲ။ မဲရုံတွေနားကို လက်နက်ကိုင်အစောင့်တွေလာလို့ရအောင်ကော၊ ရွေးကောက်ပွဲ ဥပဒေကို ပြင်ပြီးပြီလား၊ လက်နက်ကိုင်တွေ စောင့်ပေးနေတဲ့၊ မဲရုံတွေက လွတ်လပ်ပြီးတရားမျှတပါတယ်လို့ ကမ္ဘာကိုချပြဦးမှာလား၊ ဟာသတွေပဲ။

လက်နက်ကိုင်တွေက  မဲရုံလုံခြုံရေးကို စောင့်မှာလား ၊ ရှေ့တန်းစစ်မျက်နှာကို သွားမှာလား၊ မြို့တွေထဲက အစိုးရအဆောက်အဦတွေကိုစောင့်မှာလား၊ မြို့လုံခြုံရေး၊ နယ်လုံခြုံရေး စောင့်မှာလား၊ မြို့ပြ ယူဂျီတွေကို ဟန့်တားမှာလား၊ စစ်ဗိုလ်ချုပ်တွေ၊၀ ဝန်ကြီးတွေ လုံခြုံရေးစောင့်ပေးမှာလား၊  တပ်စခန်းတွေ၊ ရဲစခန်းတွေကိုကာကွယ်မှာလား၊ စစ်ကောင်စီတပ်တွေ မဲရုံတွေကို လာကာကွယ်ပေးနေတုန်း  တပ်မတွေ၊ တပ်ရင်းတွေ၊ ရဲစခန်းတွေ၊ အသိမ်းခံသွားရရင် ဘာတွေ ဖြစ်လာမလဲ၊ အရူးအတွေးနဲ့ လုပ်ချင်တာတွေကို လျှောက်လုပ် သေစရာရှိ လက်အောက်ခံ တပ်သားလေးတွေ၊ အရာရှိငယ်တွေကသေပေး၊ နောက်ဆုံးမနိုင်ရင် (မအလ) နဲ့ အပေါင်းအပါတသိုက်ကထွက်ပြေး၊ တိုင်းပြည်လည်း စစ်မြေပြင်၊ တစပြင်ဖြစ်ကျန်ခဲ့ဆိုတဲ့ အပေါက်မျိုးချိုးနေတာ၊ လောင်းကစားဒိုင်လို ခပ်တည်တည်နဲ့ နောက်ဆုံးပိတ် ပုံအော လောင်းထည့်လိုက်မှာ၊ လျှော်စရာမရှိရင် ရှိတဲ့ဟာတွေချကျွေးသွားမှာကို၊ ဘေးက ကြည့်ရင်မြင်နိုင်ပါတယ်။

အခု တိုက်ပွဲက (မအလ) နဲ့ ပြည်သူ ဘက်နှစ်ဖက်ပဲရှိတယ်၊ နောက်ဆုံးအခြေအနေတွေအရ သံပုံးတီးသူတွေ၊တနိုင်ငံလုံး Silent Strike လုပ်ပြီး ကိုယ့်မြို့ကို ငြိမ်သက်ပေးလိုက်သူတွေ အားလုံးက (မအလ) ဆန့်ကျင်သူတွေ၊ လက်မခံသူတွေပဲ၊ ကမ္ဘာ့သတင်းစာမျက်နှာတွေ အားလုံးမှာ ဖေါ်ပြခဲ့လို့ အားလုံးလည်း သိပြီးဖြစ်နေကြမှာပါ၊ အဲ့ဒိတော့ ထိုးကြွေးမခံရအောင်၊ ဓားစာခံ မဖြစ်ရအောင်၊(မအလ)ကို ထားခဲ့ကြပါ ပြည်သူဘက်ကို မျက်နှာပြန်လည့်ပြီး (မအလ)ဘက် သေနတ်ပြောင်းလှည့်ဖို့အချိန်တန်ပါပြီ။

   ဘညို

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024