မကွေးတိုင်း ရေစကြို၊ ပေါက် နဲ့ ပခုက္ကူမြို့နယ်တွေမှာ အမျိုးသား ၃ ယောက်ကို PDF ထောက်ပံ့သူ မမှန်သတင်း ရေးသားဖြန့်ဝေသူလို့ စွပ်စွဲပြီး စစ်အုပ်စုက ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ရေစကြိုမြို့နယ် ဇီးတောရွာက ကိုစည်သူထွန်း(ခ)ဖိုးစီကို စက်တင်ဘာ ၁၇ ရက်နေ့ မနက် ၉ နာရီလောက် ရေစကြို-ချောင်းဦးကားလမ်းနဲ့ ပုသိမ်-မန္တလေးလမ်းဆုံမှာ စစ်အုပ်စုက PDF ထောက်ပံသူဆိုပြီး စွပ်စွဲဖမ်းဆီးသွားတာလို့ ဒေသခံတယောက်က ပြောပါတယ်။
“အဲဒီလမ်းဆုံမှာ စစ်(...)၊ရဲ(...)နဲ့ပျူ(...)တွေပေါင်းပြီး နေ့တိုင်စစ်ဆေးနေတာဗျ။ လက်ကိုင်ဖုန်းတွေနဲ့ ဆိုင်ကယ်ဘောက်တွေကို အဓိကစစစ်ဆေးတယ်။ ကိုစည်သူထွန်းကိုတော့ ရေစကြို မြို့မရဲစခန်း စစ်ကြောရေးကို ခေါ်သွားကြတယ်။”
ပေါက်မြို့ အောင်တံခွန် စစ်ဆေးရေးဂိတ်မှာလည်း စစ်ကောင်စီတပ်နဲ့ ပူးပေါင်းအဖွဲ့ဟာ စက်တင်ဘာ ၁၇ ရက်နေ့ မနက် ၁၁ နာရီလောက်မှာ ယောထိန်တန်းယာဥ်လိုင်းက ယဥ်မောင်း ကိုသန်းဇော်လွင်ကို ကားပေါ်မှာ ဘောစေ့တွေတင်လာတာကြောင့် PDF ထောက်ပံ့သူဆိုပြီး စွပ်စွဲဖမ်းဆီးကာ ပေါက်မြို့မရဲစခန်းကို ခေါ်သွားကြတယ်လို့ ပေါက်မြို့ခံတယောက်က ပြောပါတယ်။
ပခုက္ကူမြို့ အမှတ် ၁၅ ရပ်ကွက်၊ မြကန်သာက ကိုလွှမ်းမောင်ကိုလည်း မနေ့ ညနေ ၅ နာရီလောက်မှာ စစ်ကောင်စီတပ်အင်အား ၂၀ လောက်နဲ့ နေအိမ်ကို လာရောက်ပြီး ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက်မှာ မမှန်သတင်းရေးသားဖြန့်ဝေတယ် စွပ်စွဲပြီး ဖမ်းဆီးသွားကြတယ်လို့ ပခုက္ကူမြို့ဒေသခံတယောက်က ပြောပါတယ်။
စစ်ကောင်စီက နိုင်ငံတော်အာဏာကို မတရားသိမ်းပိုက်တဲ့ ဖေဖော်ဝါရီလ ၁ ရက်နေ့ကနေ စက်တင်ဘာလ ၁၆ ရက်နေ့အထိ နိုင်ငံတဝန်း မတရားဖမ်းဆီးချုပ်နှောင်ခံထားရသူ ၁၂,၄၁၂ ယောက်ရှိပြီး အဲဒီထဲက ၁,၄၇၂ ယောက် ထောင်ဒဏ်ချမှတ်ခံထားရတယ်လို့ နိုင်ငံရေးအကျဥ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP) က စက်တင်ဘာ ၁၆ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။